မိန်းကလေးများပွဲတော် Hina matsuri

March 3, 2020 at 12:32 PM

Hina matsuri (မိန်းကလေးများပွဲတော်)ကို အရုပ်ပွဲတော်လို့လည်း သိကြပြီး နှစ်စဉ်နှစ်တိုင်း မတ်လ(၃)ရက်နေ့မှာ ကျင်းပလေ့ရှိကြပါတယ်။ ထိုမိန်းကလေးပွဲတော်ဟာဆိုရင် ဂျပန်မှာရှိတဲ့ မိန်းမပျိုလေးများရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်စိတ်ချမ်းသာစေရန်၊အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေရန် ဆုတောင်းပွဲအနေနဲ့ ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ သမီးမိန်းကလေးများမွေးထားတဲ့ မိသားစုများဟာ မိမိတို့အိမ်တွင် Hina အရုပ်လေးများကိုအလှဆင်ရင်း လှပပြီး အရသာရှိတဲ့ အထူးစားသောက်ဖွယ်ရာများကို Hina အရုပ်လေးများအား လှူဒါန်းပူဇော်ကာ Hina ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။

Source : livejapan

Hina အရုပ်များ အလှဆင်ခြင်းဓလေ့ဟာဂျပန်နိုင်ငံတွင် Edo ခေတ် ၁၆ရာစုအစမှာစတင်ခဲ့ပြီး ကံကောင်းခြင်းတွေကို သယ်ဆောင်လာပြီး မကောင်းဆိုးဝါးများကို မောင်းနှင်ဖယ်ရှားရန်အတွက် မိမိတို့အိမ်တွင် အလှဆင်ခြင်းကိုပြုလုပ်ခဲ့ကြပါတယ်။ မိန်းကလေးများပွဲတော်ဟာ တရုတ်ရှေးဟောင်းရိုးရာယဉ်ကျေးမှုမှဆင်းသက်လာခဲ့ပြီး မိမိတို့ခန္ဓာကိုယ်မှ မသန့်ရှင်းတဲ့ အကုသိုလ်များနှင့် ကံမကောင်းခြင်းများဟာ Hina အရုပ်သို့ ကူးပြောင်းသွားသည်ဟု ယူဆကာ ထို Hinaအရုပ်များကို မြစ်ထဲသို့ လွှတ်ပစ်လိုက်ခြင်းဖြင့် မိမိ၏ကံမကောင်းခြင်းများလည်း အရုပ်နှင့်အတူ မြစ်ထဲပါသွားသည်ဟု လက်ခံထားကြတာပဲဖြစ်ပါတယ်။ Hina အရုပ်များကို မြစ်ထဲသို့ လွှင့်ပစ်ခြင်းကို ဂျပန်လို “Hina-Okuri”(အရုပ်များ ပို့ဆောင်ခြင်း) ၊ “Nagashi bina”(အရုပ်ရေမျှောပွဲ)စသည်ဖြင့်လည်း ခေါ်ဆိုလေ့ရှိကြပါတယ်။

Source : livejapan

အရုပ်ရေမျှောပွဲကို မတ်လ(၃)ရက်နေ့ နေ့လည်ခင်းလောက်မှစ၍ စတင်လေ့ရှိပြီး ယနေ့ခေတ်တွင်တော့ အရုပ်ရေမျှောပွဲကို အချို့ဒေသအချို့တွင်သာ ကျင်းပကြပါတော့တယ်။ သမီးမိန်းကလေးရှိတဲ့ အိမ်များဟာ မိမိတို့အိမ်ရှိ အရောင်အသွေးစုံလင်ပြီး လှပလှတဲ့ Hina အရုပ်လေးများကို ဖေဖော်ဝါရီလလယ်လောက်မှစတင်၍ မိန်းကလေးများပွဲတော် မပြီးဆုံးခင်အချိန်အထိ အလှဆင်ထားလေ့ရှိပါတယ်။ သို့သော်အရုပ်လေးများအား မိန်းကလေးများပွဲတော်ပြီးဆုံးသည့်အချိန်တွင်ပြန်လည်သိမ်းဆည်းခြင်းမရှိပဲ အချိန်ကြာမြင့်စွာဆက်လက်ထားရှိပါက မိမိတို့၏သမီးမိန်းကလေးများဟာ အိမ်ထောင်ကျနောက်ကျတတ်သည်ဟု အယူအဆရှိသောကြောင့် Hina အရုပ်လေးများကိုတော့ မိန်းကလေးများပွဲတော် ပြီးတာနဲ့ ချက်ချင်းသိမ်းဆည်းလေ့ရှိကြပါတယ်။

Hina အရုပ်လေးများဟာ Heian ခေတ်(၇၉၄-၁၁၈၅)မှ နန်းတွင်းအဝတ်အစားများကို ဝတ်ဆင်ထားပြီး Hina အရုပ်လေးများကို အလှဆင်ထားတဲ့အဆင့်များဟာ (၅)ဆင့်ကနေ (၇)ဆင့်အထိ ရှိပါတယ်။အပေါ်ဆုံးအဆင့်တွင်တော့ဘုရင်နှင့် ဘုရင်မကို ထားရှိထားပြီး နန်းတွင်းအပျိုမယ်များ၊တေးဂီတဖျော်ဖြေနေတဲ့ အနုပညာရှင်များ၊နန်းတွင်းအရာရှိ၊ဝန်မင်းများ အစရှိသဖြင့် အဆင့်ဆင့် ထားရှိထားပြီး အလှဆင်လေ့ရှိကြပါတယ်။ အလှဆင်ရန် နေရာအလုံအလောက်မရှိသူများကတော့ Hina အရုပ်လေးများကို အဆင့်(၃)ဆင့်အထိသာ အလှဆင်လေ့ ရှိကြပါတယ်။

Source : livejapan

မိန်းကလေးများပွဲတော်ကို ဂျပန်လို “Momo no sekku”(မက်မွန်ပန်းပန်းပွဲတော်)ဟူ၍လည်း ခေါ်ကြပါတယ်။ ပွဲတော်စတင်ပြီဆိုတာနဲ့ မက်မွန်ပန်းများ၊အဖြူရောင်ကစော်ဖောက်ထားတဲ့ဆန်အရက်ဝိုင်နှင့် Diamond(စိန်)ပုံသဏ္ဍာန်ရှိတဲ့ ဆန်ကိတ်များကို Hina အရုပ်လေးများတွင် စီတန်းကာ ပူဇော်ထားလေ့ရှိကြပါတယ်။ မိန်းကလေးများပွဲတော်ဟာ အချိန်ကြာလာတာနှင့်အညီ ဒေသတစ်ခုနှင့်တစ်ခုအပေါ်မူတည်ပြီး ပွဲတော်ကျင်းပပုံ ကွာခြားပေမဲ့လည်း ယခုအချိန်အထိတိုင် နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ်။