obon matsuri (သေဆုံးသူများအား ဂါရ၀ပြု ၊ အရိုအသေပေးတဲ့ ဂျပန်ရိုးရာပွဲတော်)

August 14, 2020 at 11:29 AM
Image : japaninsides

ဂျပန်နိုင်ငံအနှံ့အပြားမှာ ဩဂုတ်လ(၁၅)ရက်ဝန်းကျင်ရောက်တာနဲ့ Obon ပွဲတော်ကို ကျင်းပကြပြီး ထိုပွဲတော်ဟာ (၃)၊(၄)ရက်ခန့် ကြာမြင့်ပါတယ်။ Obon ပွဲတော်ဟာ နှစ်တစ်နှစ်လုံးမှာ ကျင်းပတဲ့ မိသားစုပွဲတော်များထဲက တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာအယူအဆနဲ့ ဆက်စပ်မှုရှိကာ မိသားစုများ စုဝေးလျက် သေဆုံးသွားပြီဖြစ်တဲ့ အဘိုးအဘွားဆွေမျိုးများနှင့် ချစ်ခင်သူများကို ဂါရဝပြု၊အရိုအသေပေးတဲ့ ဂျပန်ရိုးရာပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ Obon ပွဲတော်ကို အများပြည်သူရုံးပိတ်ရက်တစ်ရက်အနေနဲ့ ပြက္ခဒိန်တွင် အမှတ်အသားမပြုထားပေမဲ့လည်း Obon ပွဲတော်နီးကပ်လာပြီဆိုတာနဲ့ ကုမ္ပဏီတော်တော်များများကလည်း ရုံးပိတ်ပေးလေ့ ရှိကြပါတယ်။

Image : japaninsides

Mukaebon လို့ခေါ်ကြတဲ့ Obon ပွဲတော်ရဲ့ပထမဦးဆုံးရက်မှာတော့ အဘိုးအဘွားများ၏ဝိညာဉ်များက မိမိတို့ရဲ့နေအိမ်များကို ရှာဖွေတွေ့ရှိနိုင်ရန်ရည်ရွယ်ပြီး အိမ်အရှေ့တွင် မီးပုံများပြုလုပ်ပြီး ဝိညာဉ်များအား ကြိုဆိုကြပါတယ်။ ယနေ့ခေတ်မှာတော့ လျှပ်စစ်မီးများထွန်းညှိထားတဲ့ မီးအိမ်များနဲ့လည်း ဝိညာဉ်များကို ကြိုဆိုလာကြပါတယ်။ထို့နောက် အဘိုးအဘွားများအား ပူဇော်ရန်စင်ကိုလည်း အမှတ်တရကမ္ပည်းပြားများ၊ အဘိုးအဘွားများကြိုက်နှစ်သက်တဲ့ ပန်းနှင့်သစ်သီးဝလံများ၊ဂျပန်မုန့်များဖြင့်လည်း အလှဆင်ပူဇော်ကြပါတယ်။ဂျပန်နိုင်ငံရှိ အချို့ဒေသများမှာတော့ သခွါးသီးကို မြင်းပုံသဏ္ဌာန်၊ခရမ်းသီးကို နွားပုံသဏ္ဌာန်နှင့်ခြေချောင်းများအနေနဲ့ သစ်သားချောင်းများပြုလုပ်ပြီး အလှဆင်ပူဇော်လေ့ရှိကြပါတယ်။ ထိုသို့ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြင်းများက ဝိညာဉ်များကို အိမ်သို့ရောက်ရှိစေရန် ခေါ်ဆောင်ပေးပြီး နွားများက ပွဲတော်ပြီးဆုံးသွားတဲ့အခါမှာ ကောင်းကင်သို့ အေးအေးဆေးဆေးနှင့် ပြန်လည်ပို့ဆောင်ပေးတယ်လို့ ယုံကြည်ထားကြတာကြောင့်ပဲ ဖြစ်ပါတယ်။

Image : japaninsides

Obon ပွဲတော် ဒုတိယမြောက်နေ့နှင့် တတိယမြောက်နေ့မှာတော့ မိသားစုဝင်များက ဘုန်းတော်ကြီးများကို အိမ်သို့ ပင့်ဖိတ်ပူဇော်ကြကာပရိတ် တရားတော်များရွတ်ဖတ်သရဇာယ်ကြပါတယ်။ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇာယ်ပြီးတဲ့နောက် နေ့လည်စာအတူတကွသုံးဆောင်ကြပြီး ထိုအစားအသောက်များဟာ အများအားဖြင့်တော့ ပဲပိစပ်ဟင်း၊ဟင်းနုနွယ်ရွက်ကို ပဲငံပြာရည်နဲ့ နှမ်းတို့ဖြင့် ပြုလုပ်ထားသောဟင်းလျာ၊သခွါးသီးသနပ် အစရှိတဲ့ ဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ထားတဲ့ များသာ ဖြစ်ကြပါတယ်။ဂျပန်လူမျိုးများဟာ Obon ပွဲတော်ရက်များတွင် မိသားစုဝင်များ၊ဘိုးဘေးဘီဘင်များ၏ အုတ်ဂူများသို့ သွားရောက်ကာ သန့်ရှင်းရေးများပြုလုပ်ကြပြီး ပန်းများ၊အမွှေးတိုင်များပူဇော်ကာ ရောက်လေရာဘဝ၌ ငြိမ်းချမ်းမှုရှိစေရန် ဆုတောင်းပေးကြပါတယ်။ ထိုသို့ပြုလုပ်ခြင်းကို ဂျပန်လို “Ohaka mairi””အုတ်ဂူသို့သွားရောက်ခြင်း”လို့ ခေါ်ပါတယ်။

Image : japaninsides

ဩဂုတ်လ (၁၈)ရက် ၊ Obon ပွဲတော်ပြီးဆုံးရက်ရောက်တဲ့အခါမှာတော့ အဘိုးအဘွားများရဲ့ဝိညာဉ်များကို ကောင်းကင်သို့ ပြန်လည်ပို့ဆောင်တဲ့အနေနဲ့ Bonfire လို့ခေါ်တဲ့မီးပုံများကို (၁၆၀)မီတာခန့်ကြီးသော Kanji အက္ခရာ 大(dai)ပုံသဏ္ဍန်ဖြင့် ပုံဖော်ကာ ည(၈)နာရီအချိန်တွင်ပြုလုပ်ကြပါတယ်။။ နာမည်အကြီးဆုံး Bonfire ပြုလုပ်တဲ့နေရာကတော့ Kyoto မြို့မှာကျင်းပတဲ့ Daimonji သို့မဟုတ် Gozan Okuribi မီးပုံပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော ဧည့်သည်များကို ဆွဲဆောင်နေတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

Image : nippon

ထို့အပြင် ဂျပန်နိုင်ငံအနှံ့အပြားမှာလည်း စက္ကူမီးအိမ်များတွင် စာများရေးသားပြီး ဖယောင်းတိုင်မီးများ ထွန်းညှိကာ ထိုမီးအိမ်များက ဝိညာဉ်များကို လမ်းပြပို့ဆောင်ပေးတဲ့အနေနဲ့ မီးအိမ်များကို မြစ်ထဲ သို့မဟုတ် ပင်လယ်ထဲသို့ ရေမျောလိုက်ကြပါတယ်။ထိုစက္ကူမီးအိမ်ရေမျောပွဲကို ဂျပန်လို “Toro Nagashi”ဟုခေါ်ပြီး Hiroshima နှင့် Asakusa မှာကျင်းပတဲ့ စက္ကူမီးအိမ်ရေမျောပွဲများဟာ နာမည်အကြီးဆုံးစက္ကူမီးအိမ်ရေမျောပွဲများ ဖြစ်ကြပါတယ်။

Image : japaninsides

Obon ပွဲတော်လို့ ပြောလိူက်တာနဲ့ Bon odori လို့ခေါ်တဲ့ တက်ကြွလှုပ်ရှားပြီးကရတဲ့ Bonပွဲတော်အကဟာလည်း မပါမဖြစ်ပဲ ဖြစ်ပါတယ်။ထို Bon odori ကို ဘုရားကျောင်းနှင့် မြို့ရှိ လူစည်ကားရာ အထင်ရကနေရာများတွင် ကပြဖျော်ဖြေလေ့ရှိပြီး Bon odori ဟာ နွေရာသီပွဲတော်များထဲက လူသိများထင်ရှားတဲ့ ပွဲတော်သင်္ကေတတစ်ခုလို့လည်း ပြောလို့ရပါတယ်။

Obon ပွဲတော်ဟာ ဂျပန်နိုင်ငံရှိ အရေးပါတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံရှိ မိသားစုဝင်များဟာ Obon ပွဲတော်ရောက်ပြီဆိုတာနဲ့ မိမိတို့မိသားစုရှိရာ မွေးရပ်မြေဒေသများသို့ ပြန်လာကြပြီး Obon ပွဲတော်ကို မိသားစုစုံလင်စွာ ဖြတ်သန်းလေ့ရှိကြပါတယ်။တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် Obon ပွဲတော်ဟာ မိသားစုများ စုဝေးပြီး အဘိုးအဘွားများအား အရိုအသေ၊ဂါရဝပြုရန်သတ်မှတ်ထားတဲ့ ပွဲတော်အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။