The Garden Of Words ကို ပြန်လည်ဆင်ခြင်ခြင်း

“မှိုင်းနေတဲ့ ကောင်းကင်က ခပ်မှိုန်မှိုန် လျှပ်တစ်ပြက်နဲ့အတူ မိုးရွာတော့မယ်ထင်တယ်။ တကယ်လို့မိုးသာရွာခဲ့မယ်ဆိုရင် ဘေးမှာအတူရှိနေပေးနိုင်မလား”

Anime ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Garden of Words ကို တော်တော်များများ ကြည့်ပြီးသလောက်ရှိမဲ့ 5 Centimetre Per Seconds နဲ့ Your Name စတဲ့ Anime ရုပ်ရှင်တွေ ကို ဖန်တီးခဲ့တဲ့ Makoto Shinkai ရဲ့ နောက်ထပ် လက်ရာတစ်ခုပါပဲ။ Markoto Shinkai ဟာ ကဗျာ ဆရာ တစ်ယောက်လည်းဖြစ်ပုံရပြီး သူရဲ့ တန်းက (Tanka) အမျိုးအစား ကဗျာ Kotonohano Niwa ကို စိတ်ခံစားမှုကို သိရှိနိုင်စေရန်အတွက် စကားလုံးတွေ မလိုအပ်ကြောင်း သူ့ရဲ့ Anime ရုပ်ရှင် အနုပညာအပိုင်းနဲ့ ပြသခဲ့ပါတယ်။
ဟိုက္ကုကဗျာတွေကို ဂျပန်နိုင်ငံမှာ ၉ ရာစုမှ ၁၂ ရာစု အတွင်း “တန်းက” (Tanka) ဆိုတဲ့ ကဗျာစပ်ဆိုမှုတစ်ခုအဖြစ်နဲ့ လူသိများခဲ့ကြပါတယ်။ “တန်းက”ဟာအဆင့်ဆင့် ရေးစပ်သွားရတဲ့ ကဗျာတစ်မျိုးဖြစ်ပြီး လူတစ်ဦးကကဗျာရဲ့ ပထမဆုံးစာကြောင်း သုံးကြောင်းကို “ငါး-ခုနှစ်-ငါး” စာလုံးရေ တည် ဆောက်ပုံ နဲ့ ရေးစပ်ပြီး နောက်တစ်ဦးက “ခုနှစ်-ခုနှစ်” စာလုံးရေတည်ဆောက်ပုံနဲ့ကဗျာစာပိုဒ်တစ်ပိုဒ် ထပ်ပေါင်း ရေးစပ်ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုနဲ့ ကဗျာကို ပြီးဆုံးတဲ့အထိ လူတွေက အဆင့်ဆင့်ရေးဖွဲ့ သွားကြရပါတယ်။

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ရုပ်ရှင် ကြာချိန် ၄၅ မိနစ်ခန့်သာ ရှိတဲ့ ဒီဇာတ်လမ်းက Symbolism (အစဉ်အလာသင်္ကေတဝါဒ) ကို အတိုင်းအတာတစ်ခုထိ ထည့်သွင်းပုံဖော်ထားပါတယ်။ ဥပမာ- ဇာတ်ကောင် Yukari ရွတ်တဲ့ Tanka ကဗျာ နဲ့ ဖိနပ် ကို ဘဝအတွေ့အကြုံ အဖြစ် သုံးနှုန်းခဲ့ပါတယ်။ The Garden of Words ရုပ်ရှင် ရဲ့ အဓိက ပေးချင်တဲ့ အသိဟာ အထီးကျန်ခြင်း (Loneliness) ကဖြစ်တယ်လို့ Shinkai ကိုယ်တိုင်က ရှင်းလင်းခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေရော မိသားစုဝင်တွေကပါ ဖယ်ကျဉ်ဆက်ဆံခြင်းကို ခံနေရတဲ့ ကျောင်းဆရာမ တစ်ယောက်ဖြစ်တဲ့ Yukari နဲ့ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းမှု အတွက် မိသားစု ဆီက အားပေးထောက်ပံ့မှု အနည်းငယ်သာရရှိတဲ့အပြင် မိသားစု ဂရုစိုက်ခြင်းမခံရတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသား Takao တို့၏ တူညီသော အချက်မှာ အထီးကျန်ခြင်းကို ဆုပ်ကိုင်ထားတာပဲဖြစ်ပါတယ်။ မိုးတွေ သည်းတဲ့အခါ Shinjuku Gyoen ဥယျာဉ်မှာ ဖိနပ်ဒီဇိုင်းရေးဆွဲပြီး အချိန်ဖြုန်းလေ့ ရှိတဲ့ Takao နဲ့ လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှုကြောင့် စိတ်ဖိစီးမှုဒဏ်ခံစားနေရတဲ့ Yukari တို့ တွေ့ဆုံကြတဲ့အချိန်မှာ အသက်အရွယ် ကွာဟမှု ရှိပေမဲ့ တစ်ဦးဆီမှာတစ်ဦး တွေ့ရှိကြတဲ့ ပေါင်းသင်းဆက်ဆံမှုအပြင် နားလည်မှုတွေနဲ့အတူ မိုးသံတွေ ကြားမှာ စိမ်းလန်းစိုပြေနေတဲ့ Shinjuku Gyoen ဥယျာဉ်က စိတ်ကူးထဲက စကားတွေ စိုက်ပျိုးထားတဲ့ ဥယျာဉ်တစ်ခု တစ်ဖွယ် ဖြစ်လာခဲ့ပါတယ်။ လက်တွေ့အပြင်လောကမှာ တကယ်ရှိတဲ့ Shinjuku Gyoen ဥယျာဉ် က Anime ထဲမှာတော့ Yukari နဲ့ Takao တို့အတွက် အလွန်သဘာဝကျလှပါတယ် လူ့အဖွဲ့အစည်း ယဉ်ကျေးမှု ကန့်သတ်ချက် ဘောင်က လွတ်မြောက်လာခဲ့တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ Shinkai ရဲ့ တခြား ရုပ်ရှင်တွေ နဲ့ မတူပဲ The Garden of Words က ကွဲပြားတဲ့ ရှုထောင့်အမြင်ကနေ လူသားအတွေ့အကြုံ ရယ် ပိုမိုကျယ်ပြန့်သော လူ့ယဉ်ကျေးမှုအနက် ဂျပန်နိုင်ငံရဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှု ရှုထောင့် အသွင်အပြင်ကို လှစ်ဟပြနေပါတယ်။

Takao က ဖိနပ်ထုတ်လုပ်သူ တစ်ယောက်အဖြစ်ရပ်တည်ချင်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပေမဲ့ ရုပ်ရှင် အစကနေ အဆုံးမှာ အလုပ်မသွားပဲ ဥယျာဉ်မှ ဘီယာကို ချောကလက်နဲ့ မြည်းပြီး ငေးမော နေတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးရုန်းကန်နေရတဲ့ Yukari အတွက် ဖိနပ်တစ်ရံ ပြုလုပ်ပေးခဲ့ပါတယ်။ အာရှယဉ်ကျေးမှုမှာ အိမ်တစ်အိမ်ဒါမှမဟုတ် အများပိုင် အဆောက်အအုံထဲ ဝင်တဲ့ အခါမှာ ဖိနပ်ကို အဝ မှာ ချွတ်ပြီး ဝင်ရလေ့ရှိပါတယ်။ လူတွေဟာ ဖိနပ် ဆိုတဲ့ အသုံးခံပစ္စည်းကို အများသုံးနေရာတွေနဲ့ ထိတွေ့တဲ့အခါမှာ အသုံးပြုကြပါတယ်။ အိမ်ဆိုတာ မိသားစု ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်း တွေ ရှိတဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ အထီးကျန်ခြင်းနဲ့အတူ တစ်ကိုယ်တည်း နေထိုင်လာရတဲ့အခါ ဖိနပ်ဆိုတာက လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံတဲ့အချိန်မှာ ကိုယ်နဲ့အမြဲရှိနေတဲ့ အဖော်တစ်ဦးအဖြစ် Shinkai က ရည်ညွှန်းလိုပုံရပါတယ်။
လူ့အဖွဲ့အစည်းဆိုတာမျိုးက ထိန်းကျောင်းဖို့ခက်တဲ့ တိရစ္တာန်တစ်ကောင်လိုပဲ လူတစ်ဦးချင်းစီ နဲ့ ဆက်ဆံရေး အမြဲရှုပ်ထွေးနေတတ်ပါတယ်။ ဒါပေမဲ့ လူသားတစ်ယောက် အတွက် လူ့အဖွဲ့အစည်းဆိုတာဟာ အရေးကြီးတဲ့ဆက်ဆံရေးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ Shinkai က The Garden of Words ရုပ်ရှင်မှာ ပုံမှန်မဟုတ်တဲ့ လူသားဆက်ဆံရေးတွေကို “လူနှစ်ယောက်ဟာ တစ်ဦးနဲ့ တစ်ဦး ပုဂ္ဂလိကနည်းလမ်းများနဲ့ သိကျွမ်းလာမဲ့အစား အများပြည်သူပိုင်နေရာတစ်ခု မှာ ဆုံမိကြရင် သိကျွမ်းသွားတဲ့ အခါ ဘယ်လိုအခြေအနေ ဖြစ်မည်နည်း” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းက မပတ်သက်တဲ့ အပယ်ခံနှစ်ယောက်ဟာ မိုးတွေ သည်းတဲ့ နေ့တစ်နေ့မှာ စတွေ့ခဲ့ကြပြီး နောက်ခံကိုယ်ရေးအကျဉ်းကို စိတ်မဝင်စားပဲ လပေါင်းများစွာ ဆုံတွေ့ကြဖို့ ဖြစ်နိုင်လောက်လား။

ကျောင်းဆရာနဲ့ စာပေလေ့လာလိုက်စားသူတွေ လောက်သာ လက်တန်း ရွတ်ဆိုနိုင်တဲ့ ဆယ့်တစ်အုပ်မြောက်အတွဲ manyōshū‘s စာအုပ်ထဲက Tanka ကဗျာ ကို မိုးဆဲစ ပတ်ဝန်းကျင်နဲ့အတူ Yukari ရဲ့ ကဗျာ ရွတ်ပုံ အခိုက်အတန့်လေးက Takao ရဲ့ ဘဝကို တဒင်္ဂက ရပ်တန့်သွားစေခဲ့ပါတယ်။

အထီးကျန်ခြင်းဆိုတာ Yukari နဲ့ Takao တို့ရဲ့ ကိုယ်ပိုင်ကမ္ဘာ အခန်းငယ်လေးတွေကို မြင်တာနဲ့ ခံစားမိနိုင်ပါတယ်။

နှစ်ယောက်အတူတူ ပိုပြီးအချိန်ကုန်လာကြတဲ့အခါ တစ်ဦးချင်းစီရဲ့ အစိတ်အပိုင်း အခိုက်အတန့် လေးတွေအချင်းချင်းထိတွေ့ကာ ပိုပြီး လေးနက်တဲ့ ချစ်ခြင်းတွေ ဖြစ်လာခဲ့ကြတယ်။ စိတ်ကျန်းမာရေးနဲ့ ချစ်ခြင်းတွေကို လှစ်ဟပြချင်တာကြောင့် Shinkai က မိုးရွာတဲ့ နေ့မျိုးတွေမှာပဲ သူ့ဇာတ်ကောင်နှစ်ယောက် ဆုံစည်းစေခဲ့တယ်။

တစ်ယောက်နာမည် တစ်ယောက် မသိကြဘူး။
တစ်ယောက် လက် တစ်ယောက် တဒင်္ဂဆုပ်ကိုင်ခဲ့တာမျိုးမရှိခဲ့ဘူး။
ဒါပေမဲ့ ငြိမ်းချမ်းမှုကို တိတ်ဆိတ်ငြိမ်သက်ခြင်းမှာ သူတို့နှစ်ယောက် ရှာတွေ့ခဲ့တယ်။
မိုးတိတ်သွားပြန်ရင်တော့ အိမ်မက်က နေ နိုးထရပြန်တာပေါ့။

One thought on “The Garden Of Words ကို ပြန်လည်ဆင်ခြင်ခြင်း”

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်