Violet Evergarden

April 19, 2020 at 2:19 PM

ကျွန်တော်တို့တွေ ဟာ ဘာလို့ စာတွေ ရေးနေခဲ့ကြတာလဲ။ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့အတွက်လား ဒါမှမဟုတ် စကားအနေနဲ့ ထုတ်ပြောလို့ မရတဲ့ စိတ်ခံစားချက်တွေကို သိစေချင်လို့ စာကြောင်းတွေနဲ့ ရေးသားပုံဖော်ပြနေခဲ့ကြတာလား။

ဟိုးအရင်က အရေးအသားနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေ တက်ရောက်ခဲ့စဉ်ကတည်းက စပြီး ဒီမေးခွန်းတွေကို မိမိဘာသာမိမိ မေးခွန်းထုတ်ဖြစ်နေခဲ့တယ်။ လူငယ်စာရေးဆရာ တစ်ယောက်က သူ့အဘိုးဖြစ်သူ အိပ်ယာဝင်တိုင်းပြောခဲ့ဖူးတဲ့ ပုံပြင်တွေကိုအခြားလူတွေ သိစေချင်လို့ ပြန်ရေးချင်ရေးနေခဲ့မယ်။စာပေလောကအကြောင်းနဲ့ ပတ်သက်ပြီး သိရှိနားလည်မှု မရှိထားပေမဲ့ သူ့မှာ ဒီလို အကြောင်းအရာကို အခြေခံထားတဲ့ စာ ကို ရေးချင်တဲ့ အကြောင်းပြချက်တစ်ခု တော့ ရှိမှာပါပဲ။

သူတို့က ပုံပြင်တွေ ကို ပြောပြချင်တယ်။ သူတို့အတွက် ဒါမှမဟုတ် အခြားလူတွေ အတွက် ဖတ်ပြီး တဲ့ အခါ တစ်ခုခု သော စိတ်ခံစားချက် ဆိုလိုရင်း တစ်ခုကို နားလည်ခံစားသွားရစေမဲ့ ပုံပြင်မျိုးတွေ ပေါ့။

စာဖတ်တဲ့ သူတွေအနေနဲ့ ကျတော့ စာအုပ်ထဲကနေ အကျိုးရှိမဲ့တစ်စုံတစ်ရာ သိရှိသွားမလား ဆိုပြီး ဝယ်ဖတ်ကြတယ်။ စာအုပ်ထဲက ဆိုလိုရင်း တွေကိုဖတ်ရှုပြီး ကိုယ်ပိုင်နည်းကိုယ်ပိုင်ဟန်နဲ့ လက်ခံခဲ့ကြတယ်။ ဆိုလိုရင်းတွေ ကို စာအုပ်ထဲက ကုန်သလောက်နီးနီး ဖြစ်သွားတဲ့အချိန်မှာ စာအုပ်အသစ်တွေဘက်ဆီ ခြေဦးလှည့်ကြတော့တယ်။

လူမှုကွန်ရက်တွေ နောက်ပြီး အွန်လိုင်းကနေ အခြားသူဆီကို လွယ်ကူစွာ စာရေးလို့ မရခင်အချိန်တုန်းက အဝေးရောက် ရင်းနှီးသူဆီက ရေးပို့လိုက်တဲ့စာ ကို မျှော်လင့်ခဲ့ကြဖူးမယ်လို့ထင်ပါတယ်။ စာအိတ်ကို ဖောက်ပြီး စာရွက်တွေထဲက စာကြောင်းတွေဟာ တစ်ဖက်လူဆီက ကိုယ့်ကို ပြောချင်နေတဲ့ ခံစားချက်တွေကို ကိုယ်က အမြင်နဲ့ ခံစားဖို့ မျှော်လင့်ရတာမျိုးပေါ့။
အဲ့ဒီလို မျှော်လင့်ခြင်းတွေ က အခု လက်ရှိ ဘဝတွေ ထဲမှာ အစိတ်အပိုင်းတစ်ခု အဖြစ် ဖြစ်ရှိနေသေးရဲ့လား။ စာလုံးရေ ၁၄၀ ကျော်လောက်ပဲ ပါတဲ့ အီးမေးလ် သို့မဟုတ် လက်ရေးနဲ့ ရေးထားတဲ့ စာ တစ်စောင်ကို ထပ်ခါတလည်လည် ဖတ်ဖို့ သိမ်းဆည်းထားဖူးပြီလား။

စက်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိပေမဲ့ ခေတ်နောက်ပြန်ဆွဲထားတဲ့ ကမ္ဘာတစ်ခုမှာ အခြေခံထားတဲ့ Violet Evergarden ဆိုတဲ့ ဇာတ်လမ်းလေးဟာလည်းအဓိက ဇာတ်ကောင် Violet Evergarden လို့ ခေါ်တဲ့ မိန်းကလေးကနေ တဆင့် နှလုံးသားကို နွေးထွေးသွားစေမဲ့ စာတွေ သူတို့ဦးတည်ရာကို ရှာဖွေတဲ့ဇာတ်လမ်းလေးပေါ့။ စစ်ကြီးအပြီးမှာ Violet ရဲ့ အလုပ်ဟာ အလုပ်အပ်သူတွေအတွက် စာရေးသားပြီး စာပို့ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ဥပမာ- အလုပ်အပ်သူက မိခင်ဖြစ်သူဆီ စာရေးပို့ချင်တယ်ဆိုရင် Violet က အလုပ်အပ်သူနေရာက နေ ခံစားပြီး အလုပ်အပ်သူရဲ့မိခင်ဖြစ်သူဆီကို စာရေးပို့ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ဇာတ်ညွှန်းတစ်ပုဒ် ရေးချင်တာလား ဒါမှမဟုတ် ဝတ္ထု တိုလေး ကို အစလောက်ပဲ ပျိုးစေချင်တာလား။ ဟုတ်ကဲ့ Auto Memories Doll လို့ ခေါ်တဲ့ Violet Evergarden က စာဖတ်သူတွေ ရဲ့ ခံစားချက်ကို ရေး ပေးဖို့ အဆင်သင့်ပါပဲနော်။

စာအုပ်အနေနဲ့ အရင်ထွက်ရှိခဲ့တဲ့ Violet Evergarden ဟာ Kyoto Animation က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ မှ ဧပြီလ ၅ ရက်နေ့အထိ Anime အဖြစ် တင်ဆက်ခဲ့ပြီး ရုပ်ရှင် ကို စက်တင်ဘာ ၆ ရက်နေ့ တွင် ပြသခဲ့ပါတယ်။ Slice of Life အမျိုးအစား Light Novel တစ်အုပ်ဖြစ်တဲ့ Violet Evergarden ကို Science Fiction အမျိုးအစား အဖြစ် အများစုက သတ်မှတ်ကြပေမဲ့ စာအရေးအသားနဲ့ ဇာတ်အိမ် ဖွဲ့စည်းပုံ ဟာ စိတ်ခံစားချက်ကို အသားပေး အခြေခံ ဖော်ပြထားပါတယ်။

စစ်အတွင်း စိတ်ခံစားမှုကင်းမဲ့တဲ့ စက်ရုပ်မ လေး တစ်ဦး အဖြစ် ဖြစ်တည်နေခဲ့ရာက အေးစက်တဲ့ ခံစားချက်တွေနဲ့ အတူ စစ်အပြီး သူမ ဖြစ်တည်ရမဲ့ ကမ္ဘာနဲ့ နေထိုင်ရာ လူမှု အသိုင်းအဝိုင်းအပေါ် မည်မျှ ရိုးသားပါတယ် ဆိုတဲ့အကြောင်း ပြသထားပါတယ်။ အစပိုင်း လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး လေ့လာဖို့ကို စိတ်မဝင်စားပုံလေးကိုက ဒီဇာတ်လမ်းကို ချစ်ခင်တွယ်တာလာစေတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ နောက်ပိုင်း Violet ရဲ့ တစ်ပါးသူခံစားချက်တွေအတွက် မလိုအပ်ရင် မငိုတော့ပဲ ခေါင်းငုံ့ပြီး ရှေ့ကို ဆက်လာခဲ့တဲ့ Violet အပြုအမူလေးကလည်း ဇာတ်လမ်းပြီးတဲ့အထိ ကြည့်ရှုသူ ခံစားချက်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

စာရေးသားခြင်း အနုပညာနဲ့ ပတ်သက်ပြီး ခက်ခဲနေတဲ့ အလုပ်အပ်သူတွေ အကြောင်းကို Violet Evergarden ရှုထောင့်က နေ ရိုက်ပြထားတယ်လို့ တော့ ခံစားမိပါတယ်။ Episode တစ်ပိုင်းချင်းစီမှာ ဇာတ်ကောင် တစ်ဦး မှ နောက်တစ်ဦးဆီသို့ ခံစားချက် ဆက်သွယ်လိုတဲ့ ဆန္ဒ ရှိမှုကို ပုံဖော်ပြသလိုပေမဲ့ အပြည့်အဝ ဖော်ပြ နိုင်စွမ်းမရှိတာကြောင့် Violet က ကြားကနေ သူတို့ရဲ့ ရင်ထဲက ခံစားချက်ကို ပေါင်းကူးတံတားတစ်ဖွယ် ပုံဖော်ပေးတဲ့ ဇာတ်လမ်းသဘောမျိုးပေါ့။။

ဇာတ်လမ်းတိုတွေကို Episode တစ်ခုချင်းစီ စုပေါင်းထားပြီးမှ ဇာတ်လမ်းရှည် တစ်ခု အဖြစ် ဖန်တီးထားခဲ့တဲ့ Violet Evergarden စီးရီးမှာ စိတ်ခံစားချက်မရှိတဲ့ Violet Evergarden ဟာ လူ့ဘဝတွေနဲ့ ထိတွေ့ရင်း နွေးထွေးမှု နဲ့ အတူ လူ့အဖွဲ့အစည်းအတွင်းက စံနမူနာတွေကို ပြန်လည် ဆန်းစစ်ရင်း လူသားဆန်မှုအပေါ် မေးခွန်းထုတ်ထားတဲ့ စီးရီး တစ်ခုလို့ မြင်မိပါတယ်။ ချစ်ခြင်းမေတ္တာ နဲ့ မုန်းတီးခြင်းကြားဆက်ဆံရေး၊ စိတ်ဓာတ်ကျနေရုံ နဲ့ လူတစ်ဦးချင်းစီရဲ့ အကြွင်းမဲ့ လွတ်လပ်မှု က နေ ဖိတ်စင်ကြလာတဲ့ အဓိပ္ပာယ်ရှိမှုတွေ က Violet Evergarden ကို ကြည့် သင့် တဲ့ အကြောင်းပြချက်တွေပါပဲ။ Light Novel နဲ့ ရင်ထဲ သိပ်မရောက်ခဲ့ဘူးဆိုရင်တော့ Anime adaptation ကို အခု လို Stayhome ကာလ အတွင်းမှာ စိတ်ခံစားချက် ပြတင်းပေါက် တစ်ချပ် ဖွင့်ထားဖို့အတွက် ကြည့်ရှုကြည့်စေချင်တယ်လို့ညွှန်းလိုပါတယ်။