ပထမဆုံး လူမည်း ဆာမူရိုင်း Yasuke

Sengoku period (戦国時代 Sengoku jidai) ဒါမှမဟုတ် “စစ်မီးစစ်လျှံ တောက်လောင် တဲ့ခေတ်”လို့ ခေါ်ကြတဲ့ ခေတ်ဟာကတော့ ဂျပန်သမိုင်းရဲ့ ထင်ရှားတဲ့ ခေတ် တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ 15 ရာစုလောက်ကနေ 17 ရာစုအစပိုင်းလောက် အထိ ကြာမြင့်ခဲ့ပါတယ်။ Sengoku ခေတ်ဟာ အဓိက daimyo သုံးယောက် ဖြစ်ခဲ့တဲ့ Oda Nobunaga၊ Toyotomi Hideyoshi နဲ့ Tokugawa Ieyasu တို့ရဲ့ ခေတ်လို့ ပြောရင်လဲ မမှားပါဘူး။ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ Osaka တိုက်ပွဲ အပြီးမှာ Sengoku ခေတ်ကုန်ဆုံးခဲ့ပြီး Edo ခေတ်လို့ ခေါ်တဲ့ Tokugawa အစိုးရ လွှမ်းမိုးတဲ့ ခေတ် စတင်ခဲ့ပါတယ်။
ဒီခေတ်မှာ ဂျပန်ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးတွေ၊ အံ့မခန်းဖွယ် တိုက်ပွဲတွေ နဲ့ ဆာမူရိုင်းတွေရဲ့ ခေတ်တစ်ခေတ်လို့ ဆိုရမှာပါပဲ။ စာရေးသူ ရေးပေးမှာကတော့ အဲ့ဒီခေတ်အကြောင်းတော့ မဟုတ်ပါဘူး။


အရှေ့အာဖရိက က လူမည်းတစ်ယောက်က ဂျပန်နိုင်ငံမှာ တော်တော်မြင့်တဲ့ ရာထူးအဆင့်နဲ့ ဆာမူရိုင်း ဖြစ်ခဲ့တယ်လို့ ပြောရင် ဘယ်လိုလဲ။ စိတ်ဝင်စားသွားပြီလား။ အခုရေးပေးသွားမှာကတော့ ဂျပန်နိုင်ငံက ပထမဆုံး လူမည်းလူမျိုး ဆာမူရိုင်း Yasuke အကြောင်းပဲ ဖြစ်ပါတယ်။
အာဖရိကန်ဆာမူရိုင်းအကြောင်း မစခင်မှာ အဲ့ဒီတုန်းက ဂျပန်ခေတ်အခြေအနေကို ပထမဦးဆုံး ပြောပြချင်ပါတယ်။ ၁၅ ရာစု အစောပိုင်းမှာ ပေါ်တူဂီအင်ပါယာက အာရှပစိဖိတ်အနှံ့မှာ ကုန်သွယ်ရေးတပ်စခန်းတွေ ဖြန့်ကျက် တည်ထောင်ခဲ့ပါတယ်။ ၁၅၄၃ ခုနှစ်မှာတော့ ပေါ်တူဂီလူမျိုးတွေဟာ ဂျပန်နိုင်ငံ တောင်ပိုင်းကို စတင်ရောက်ရှိလာခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာ တရုတ်ပြည် မင် မင်းဆက်ဆီက ပိုးထည်တင်သွင်းမှုကို ဂျပန်နိုင်ငံက မှီခိုနေရတဲ့ အချိန်ဖြစ်ပြီး တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကလည်း အေးစက်တင်းမာလျက်ရှိပါတယ်။ အဲ့ဒီအချိန်မှာ ပေါ်တူဂီက တရုတ်ပြည်က ပိုးထည်ပစ္စည်းတွေ ဝယ်ပြီး ဂျပန်နိုင်ငံကို တင်ပို့ရောင်းချခဲ့ပါတယ်။
အာရှနိုင်ငံနှစ်နိုင်ငံရဲ့ ကြားခံပွဲစား လုပ်နေတဲ့ ဒီဥရောပ ကုန်သည်တွေက အကြီးအကျယ်ချမ်းသာလာခဲ့ကြတဲ့အပြင် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ နေရာတစ်ခု ဖြစ်လာမဲ့ Nagasaki ကုန်သွယ်ရေးဆိပ်ကမ်းကိုလည်း ပေါ်တူဂီ တွေကို ဂျပန်နိုင်ငံက တည်ဆောက်ခွင့်ပြုခဲ့တယ်။


ဥရောပတိုက်သား ကုန်သည်တွေအပြင် သူတို့ရဲ့ ခရစ်ယာန် ကက်သလစ် ဘာသာရေးဘုန်းကြီးတွေပါ ဂျပန်နိုင်ငံ တောင်ပိုင်းကတဆင့် နိုင်ငံထဲကို ဝင်လာခဲ့ပြီးနောက် ဘုန်းတော်ကြီး Francis Xavier ဦးဆောင်ပြီး ဂျပန်နိုင်ငံမှာ ခရစ်ယာန်ဘာသာပြန့်ပွားရေးကို လုပ်ဆောင်လာတော့တယ်။ သူတို့ရဲ့ သြဇာအာဏာလွှမ်းမိုးမှုကြောင့် ဂျပန်လူမျိုး နှစ်သိန်းကျော်နဲ့ အထက်တန်းလွှာတွေ အထူးသဖြင့် Kyushu ဒေသအတွင်း ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ကြတယ်။
အဲ့ဒီအချိန်တုန်းက ပေါ်တူဂီ ခရစ်ယာန်ဘုန်းတော်ကြီးတွေက ဂျပန်နိုင်ငံအပြင် အခြား တိုက်ကြီးတွေမှာလည်း ခရစ်ယာန်ဘာသာပြန့်ပွားရေးကို လုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။ ၁၅၀၀ ခုနှစ်များပိုင်းမှာ အာဖရိကနိုင်ငံမှာ ခရစ်ယာန်ဘာသာကို ဘုန်းတော်ကြီး ပြန့်ပွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒေသခံကျွန်ရောင်းဝယ်ရေးစနစ်ကလည်း ရှိနေခဲ့ပြန်လေတော့ ပေါ်တူဂီတွေနဲ့ အတူ လူမည်းလူမျိုး ကျွန်တွေ ပါ ပါလာခဲ့ပါတော့တယ်။
သမိုင်းပညာရှင်တစ်ချို့ကတော့ Yasuke က ၁၅၅၅ ခုနှစ် ပေါ်တူဂီကိုလိုနီလူမျိုးတွေရဲ့ နယ်ချဲ့သိမ်းပိုက်တာကို ခံထားရတဲ့ Mozambique နိုင်ငံမှာ မွေးဖွာခဲ့တယ်လို့ ဆိုကြပါတယ်။
ခရစ်ယာန်ဘာသာကို သင်ကြားခဲ့ပြီး သူ့ရဲ့ သခင်ဖြစ်သူ Alessandro Valignano နဲ့ အတူ ဂျပန်ကို ပါလာခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံကို သူရောက်တဲ့အချိန်မှာ Sengoku Jidai အရှိန်စကောင်းတဲ့အချိန်ပေါ့။


Nobunaga Oda နဲ့ Toyotomi Hideoyoshi တို့ အာဏာစက်ကြီးနေတဲ့ အချိန်မှာ မီးသွေးရောင် အသားအရေနဲ့ ဂျပန်လူမျိုးတွေထက် နှစ်ဆ ရှိသော အရွယ်အစား ရှိတဲ့ Yasuke ကို ဂျပန်လူမျိုးတွေက အထူးအဆန်းတစ်ဖွယ် ဝိုင်းပြီး ထိတွေ့ ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီသတင်းကို အရှင် Nobunaga Oda ကြားတဲ့အခါ Yasuke ကို အခစားဝင်ဖို့ မိန့်ကြားခဲ့ပါတော့တယ်။ Yasuke ရဲ့ မှင်အမဲတွေ လောင်းကျထားလို့ မည်းနေသယောင်ဖြစ်နေတဲ့ အသားအရေနဲ့ အရပ်အမောင်းကို ခွန်အားကို Nobunaga Oda က အသိအမှတ်ပြုတဲ့အနေနဲ့ သူကိုယ်တိုင် ဂျပန်အမည် Yasuke လို့ မှည့်ခေါ်ခဲ့ပါတော့တယ်။ သမိုင်းလေ့လာချက်တွေအရ Yasuke ရဲ့ ခွန်အားဟာ ဂျပန်လူမျိုး ဆယ်ယောက်စာနဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။
ဒီလိုနဲ့ Nobunaga Oda က Yasuke ကို သူ့ဆီမှာ အခစားဝင်စေပြီး Bushido Code ကို သင်ကြားစေကာ ဆာမူရိုင်း ကဲ့သို့ တိုက်ခိုက်နိုင်အောင် သင်ကြားစေခဲ့ပါတယ်။ Yasuke က သူ့အရှင်သခင် Nobunaga Oda နဲ့ အတူ Takeda Clan ကို နှိမ်နင်းခဲ့ကြတယ်။
ဒီလိုနဲ့ ၁၅၈၂ ခုနှစ်မှာ Yasuke နဲ့ Nobunaga တို့ Kyoto ကို ပြန်ရောက်လာခဲ့ကြပြီး Nobunaga က သူ့စစ်တပ်ကို ခွဲပြီး Mori,Uesegi နဲ့ Hojo Clans တွေရဲ့ ဒေသတွေကို အုပ်ချုပ်စေခဲ့ပြီး Honno-Ji ဘုန်းကြီးကျောင်းမှာ အနားယူဖို့ဆုံးဖြတ်ခဲ့တယ်။
အနုပညာရှင်တွေ ကုန်သည်များ၊ ကဗျာဆရာတွေနဲ့ ကျေးကျွန်တွေကြားမှာ အနားယူလျက်ရှိတဲ့ Nobunaga က အကာအကွယ် လုံခြုံရေး အားနည်းနေခဲ့ပြီး သူ့ကြမ္မာဆိုးကလည်း အနီးရောက်နေခဲ့ပါတော့တယ်။ သစ္စာခံ ဗိုလ်ချုပ်တွေထဲက တစ်ယောက်ဖြစ်တဲ့ Akechi Mitsuhide ရဲ့ သစ္စာဖောက်မှုကို Nobunaga တစ်ယောက်ခံလိုက်ရတဲ့အချိန်မှာ အသက်အန္ဒရာယ်ကို ကာကွယ် တိုက်ခိုက်ပေးနေခဲ့တာကတော့ Yasuke ပဲ ဖြစ်ပါတယ်။ Yasuke က သူစွမ်းသလောက် သူ့အရှင်ကို ကာကွယ်တိုက်ခိုက်ပေးခဲ့ပေမဲ့ နောက်ဆုံးမှာ Nobunaga Oda Seppuku လုပ်ခဲ့ရပါတော့တယ်။


အရှင်ရဲ့ အသက်ကို မကယ်နိုင်ခဲ့တဲ့ Yasuke ဟာ ရန်သူ လက်ကနေနဲ့ မြင်းတစ်စီးဖြင့် လွတ်မြောက်လာခဲ့ပြီး အရှင်ရဲ့ သားဖြစ်သူ Oda Nobutada ရဲ့ အသက်ကို တော့ အတတ်နိုင်ဆုံး စောင့်ရှောက်သွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အရှင်ဖြစ်သူရဲ့ သား ရှိရာကို အပြေးနှင်ခဲ့တယ်။
သို့သော်ငြားလည်း Oda Nobutada လည်း Mitsuhide လက်အောက်မှာ အရေးနိမ့်ကာ Seppuku လုပ်ခဲ့ရပါတော့တယ်။ Yasuke တစ်ယောက်လည်း အဖမ်းခံခဲ့ရပေမဲ့ ဂျပန်လူမျိုးမဟုတ်တဲ့အတွက်ကြောင့် Kyoto က ခရစ်ယာန်ဘုရားကျောင်းကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
သမိုင်းရာဇဝင်မှာ Yasuke ရဲ့ ဖြစ်တည်မှုက ဒီမှာတင် အဆုံးသတ်သွားခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ရရှိပြီး အဆုံးသတ်သွားလိမ့်မယ်လို့တော့ စာရေးသူတော့ စိတ်ကူးလိုက်ပါတယ်။


Yasuke ကို အခြေခံပြီး Afro Samurai ဆိုတဲ့ Anime ဖန်တီးခဲ့သလို Nioh လို ဂိမ်းတွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Yasuke က တော့ Bushido Code နဲ့ အညီ ကျင့်ကြံနေထိုင်ခဲ့တဲ့ ပထမဆုံး နိုင်ငံခြားသား လူမည်း ဆာမူရိုင်း အဖြစ် ဂျပန်လူမျိုးတွေရဲ့ ရင်ထဲက တစ်ထောင့်တစ်နေရာမှာ နေရာယူထားပြီးဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်