အရေးပေါ်အခြေအနေကြေညာတာကြောင့် ဖြစ်လာနိုင်တဲ့ ဂယက်ရိုက်မှုများ

April 7, 2020 at 8:47 PM

အရေးပေါ်အခြေအနေကြေညာချက်ဟာ လူထုရဲ့ နေ့စဉ်ဘဝအပေါ် အတိုင်းအတာတစ်ခုအထိ ကန့်သတ်မှုတွေ ရှိလာစေမှာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်ဟာ သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ နေထိုင်နေသူတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ မလိုအပ်ဘဲ အပြင်ထွက်တာတွေ ရှောင်ရှားကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက တောင်းဆိုနိုင်တဲ့ အခွင့်အာဏာကို ပေးမှာ ဖြစ်ပါတယ်။ ချွင်းချက်တွေထဲမှာ ဆေးရုံဆေးခန်းသွားတာ၊ နေ့စဉ်သုံးကုန်ပစ္စည်း ဝယ်တာနဲ့ အလုပ်သွားတာတွေ ပါဝင်ပါတယ်။ အဲဒီလို တောင်းဆိုမှုဟာ မဖြစ်မနေလုပ်ရမယ့် အမိန့်မျိုးမဟုတ်ပေမဲ့ လူထုအနေနဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ကြရမယ့် ဝတ္တရား ရှိပါတယ်။

ကျောင်းတွေပိတ်ဖို့နဲ့ ကြီးမားတဲ့ အဆောက်အအုံတွေ အသုံးပြုမှု ကန့်သတ်ဖို့ အခွင့်အာဏာလည်း အုပ်ချုပ်ရေးမှူးတွေကို ပေးမှာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုမှာ အကျုံးဝင်တဲ့ အဆောက်အအုံတွေ ထဲမှာ နေ့ကလေးထိန်းကျောင်းတွေ၊ အသက်အရွယ်ကြီးရင့်သူတွေအတွက် နေ့အချိန်ပြုစုစောင့်ရှောက်ရေးစင်တာတွေနဲ့ တခြား လူမှုဖူလုံရေး အဆောက်အအုံတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဇာတ်ရုံ၊ ခန်းမ၊ ကုန်တိုက်၊ စူပါမားကက်၊ ဟိုတယ်နဲ့ တည်းခိုခန်း၊ ကျန်းမာရေးလေ့ကျင့်တဲ့နေရာနဲ့ ရေကူးကန်၊ ပြတိုက်၊ စာကြည့်တိုက်၊ နိုက်ကလပ်၊ ယာဉ်မောင်းသင်တန်းနဲ့ ကျူရှင်တွေလို ပမာဏကြီးမားတဲ့ စီးပွားရေး အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။
စူပါမားကက်တွေအနေနဲ့ အစားအသောက်၊ ဆေးဝါးနဲ့ သန့်ရှင်းရေးဆိုင်ရာတွေလို လိုအပ်တဲ့ပစ္စည်းတွေကို ဆက်ပြီး ရောင်းနိုင်ပါတယ်။

တောင်းဆိုချက်ကို မလိုက်နာတဲ့ အဆောက်အအုံတွေကို ခရိုင် အုပ်ချုပ်ရေးမှူးတွေက အဆောက်အအုံ ပိတ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်နိုင်ပြီး စီမံခန့်ခွဲသူရဲ့ အမည်ကို လူသိရှင်ကြား ထုတ်ပြန်နိုင်ပါတယ်။ မဖြစ်မနေလိုအပ်တဲ့ အဆောက်အအုံတွေကိုတော့ အရေးပေါ် အခြေအနေကြေညာပေမဲ့လည်း ပိတ်မှာ မဟုတ်ပါဘူး။

လျှပ်စစ်၊ ဂက်စ်နဲ့ ရေဆိုင်ရာ ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေအနေနဲ့ ပုံမှန်ဖြန့်ဖြူးရေးကို အာမခံပေးနိုင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ရေး တောင်းဆိုမှာဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှုတွေနဲ့ စာတိုက်တွေကိုလည်း ပုံမှန် ဖွင့်လှစ် လုပ်ဆောင်ကြဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။

အရေးပေါ်ကြေညာချက်အောက်မှာ တချို့ လုပ်ငန်းစဉ်တွေဟာ မလုပ်မနေရ ဖြစ်ပါတယ်။
ယာယီ ဆေးကုသရေး အဆောက်အအုံတွေ တည်ဆောက်ရေးအတွက် ပိုင်ရှင်တွေရဲ့ သဘောတူညီမှု မရဘဲ မြေယာနဲ့ အဆောက်အအုံတွေကို အသုံးပြုဖို့ အခွင့်အာဏာကိုလည်း အုပ်ချုပ်ရေးမှူးတွေကို ပေးမှာဖြစ်ပါတယ်။ လိုအပ်တဲ့အခါ ဆေးဝါးကုသမှုဆိုင်ရာ ပစ္စည်းတွေကို အုပ်ချုပ်ရေးမှူးတွေက သိမ်းယူနိုင်ပါတယ်။ ဆေးကုသမှု ပစ္စည်းတွေစုဆောင်းထားဖို့ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် အဲဒီပစ္စည်း ဖြန့်ချိသူတွေကို အများဆုံး ၆လအထိ ထောင်ဒဏ် ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၂၈၀၀ ဝန်းကျင်အထိ ငွေဒဏ် ချမှတ်နိုင်ပါတယ်။

SOURCE – NHK