ဂျပန်မှာ ဆိုင်ကယ်လိုင်စင် ဘယ်လို ဖြေမလဲ။

April 15, 2020 at 7:47 PM

အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော် ဂျပန်မှာ ဆိုင်ကယ်လိုင်စင် ဘယ်လို ဖြေရလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ကျွန်တော့် အတွေ့အကြုံကို မျှဝေပေးချင်ပါတယ်။ ပထမဦးဆုံး ဂျပန်မှာ ကားလိုင်စင် နဲ့ ဆိုင်ကယ် လိုင်စင် က မတူပါဘူး။ မြန်မာနိုင်ငံလို ကားလိုင်စင်ရလို့ ဆိုင်ကယ်ပါ မောင်းလို့မရပါဘူး။ ကားလိုင်စင်ရရင်တော့ 原付50cc အောက် ဆိုင်ကယ်လေးတွေတော့ စီးခွင့်ရှိပါတယ်။

လိုင်စင်ပြုလုပ်မယ် ဆိုရင်တော့ နည်းလမ်း ၂ မျိုးရှိပါတယ်။ တစ်နည်းက ယဉ်မောင်းသင်တန်းကျောင်းတက်ပြီး လိုင်စင် ဖြေတာနဲ့ နောက်တနည်းကတော့ မြန်မာက ပါလာတဲ့ လိုင်စင်ကို ဂျပန်လိုင်စင် ပြောင်းတာပါ။ နည်း ၂နည်းလုံးမှာ သူ့ အားသာချက် နဲ့သူရှိပါတယ်။

သင်တန်းစတက်ပြီး ဖြေတဲ့အားသာချက်ကတော့ လက်တွေ့ဖြေတဲ့ အချိန်မှာ လွယ်လွယ်ကူကူ အောင်နိုင်ပြီး ရေးဖြေမှာတော့ စာကျက်နိုင်မှအဆင်ပြေမှာပါ။ ဂျပန် စာ N2 lvl အထက်လောက်မှ အဆင်ပြေမှာပါ။ စည်းစနစ်တွေကို သေချာ ကျောင်းမှာကတည်းက ရိုက်သွင်းပေးလိုက်မှာပါ။

မြန်မာလိုင်စင် ကနေ ဂျပန်လိုင်စင်ကို လဲတဲ့သူများ အနေနဲ့ကတော့ ရေးဖြေ ၁၀ခုကို ကြိုက်တဲ့ ဘာသာစကားနဲ့ ဖြေနိုင်ပါတယ်။ ရေးဖြေအောင်သွားတာနဲ့ လက်တွေ့ ဖြေဖို့ကို ရက်ချိန်းယူရပါတယ်။ ဖြေတဲ့လူ များပြားနေတော့ များသောအားဖြင့် ကိုယ့် အလှည့်ရောက်အောင် ၁ လ လောက်တော့ စောင့်ရပါတယ်။

ကားနဲ့ ပတ်သတ်တာကိုတော့ ကျွန်တော် ကားလိုင်စင် လဲတဲ့ အချိန်ကျထပ်ရေးပေးပါမယ်။

ဆိုင်ကယ်လိုင်စင်လုပ်မယ်ဆိုရင်လည်း အပေါ်က ကားလိုင်စင်လုပ်သလို နည်း ၂ နည်းနဲ့ လုပ်လို့ရပါတယ်။ ဆိုင်ကယ်လိုင်စင်မှာ အမျိုးအစားတွေ ထပ်ခွဲထားပါတယ်။ (AT,MT) 自動二輪車(大型・普通・小型) ဆိုပြီးရှိပါတယ် ကွာခြားပုံတွေက တော့ engine cc တွေ နဲ့ကွာသွားမှာပါ။

小型 51cc-125cc
普通 126cc-400cc
大型 400cc အထက်

大型 လိုင်စင်ရသွားရင်တော့ အကုန်နီးပါ စီးလို့ရနေပါပြီ။

125cc အထက် ဆိုင်ကယ်တွေ အကုန်လုံး hight way လမ်းမပေါ် တက်လို့ရပါတယ်။ နောက်ပြီး 400cc လိုင်စင်ကို အသက် ၁၆ နှစ် ပြည့်ပြီ ဆိုဖြေလို့ရပါတယ်။ 400cc အထက်ကိုတော့ အသက် ၁၈ နှစ် အထက် မှ ဖြေလို့ ရမှာပါ။

ဆိုင်ကယ်လိုင်စင်လဲတဲ့သူ အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကားနဲ့ ဆိုင်ကယ် လိုင်စင် တူတူဘဲ လို့ ပြောပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့်ပြီး သင်တန်းမတက်ဘဲ လဲ နိုင်ပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်လိုင်စင်က ကားလိုင်စင်ထက် လက်တွေ့ဖြေတဲ့နေရာမှာ ပိုတင်းကျပ်ပါတယ်။ Tokyo ဘက်မှာတော့ တင်းကြပ်ပါတယ်။

နယ်ဘက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆို ရန်ကုန်မှာ ဘီးကြီး စီးနေကြကို လက်တွေ့ကို အခေါက် ၂၀ နီးပါးလောက်ဖြေလိုက်ရပါတယ်။ ဖြေတဲ့ အချိန်မှာလည်း နည်းစနစ်တွေ ရှိပါတယ်။ ကျွန်တော် အခု post မှာသင်တန်းတက်တုန်းက ဆရာပို့ချတဲ့ နည်းစနစ်တွေပါ အကုန် အသေးစိတ် ရှင်းပြပေးသွားပါမယ်။ လိုင်စင်သွားလဲတဲ့လူတွေ အနေနဲ့လည်း အခု နည်းစနစ် အတိုင်း လိုက်ဖြေလို့ရအောင်ပါ။

ကျွန်တော် ဆိုင်ကယ်လိုင်စင်ဖြေဖို့ သင်တန်းကျောင်းကို တက်ခဲ့တာပါ။ သင်တန်းကျောင်းတက်တဲ့ အတွေ့အကြုံ မမျှခင် ကျောင်းအကြောင်း နဲ့ နေရာကို အရင်ရေးပေးပါမယ်။

ကျောင်းကတော့ Tokyo အတွင်း Yamnote လိုင်း meguro ဘူတာကနေ လမ်းလျှောက်ရင် 10 မိနစ်လောက်ပဲဆိုတော့ တော်တော်ကို အဆင်ပြေပါတယ်။ ကျွန်တော်လည်း ဒီကျောင်းကို သွားရလာရတာနီးလို့ ရွေးချယ်လိုက်တာပါ။ ကျောင်းကတော့ Hinomaru Driving School ဆိုပြီး Google မှာရှာလိုက်ရင်ရပါတယ်။ အောက်မှာပြထားတဲ့ website ကနေလည်း အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။https://www.hds1958.com/

ကိုယ်ရွေးတဲ့ course ပေါ်မူတည်ပြီးတော့ ကုန်ကျငွေနဲ့ သင်တန်းပြီးမည့် အချိန်ကာလ ကွာသွားမှာပဲဖြစ်ပါတယ်။

Course အမျိုးအစားတွေကတော့

技能予約2時限コース လက်တွေ့မောင်းတဲ့ အချိန် – တစ်ရက်ကို ၂ချိန်ပဲ ရွေးလို့ရပါတယ်။
技能予約4時限コース လက်တွေ့မောင်းတဲ့ အချိန် – တစ်ရက်ကို ၄ချိန်ပဲ ရွေးလို့ရပါတယ်။
技能予約一括コース လက်တွေ့မောင်းတဲ့ အချိန် – မိမိ နှစ်သက်သလို အားရင်အားသလို အချိန် အကန့်အသတ်မရှိ ကြိုက်တဲ့ အချိန် ရွေးသင်လို့ရပါတယ်။

ခု course တွေ မှာကတော့ မြန်မြန်ပြီးချင်တဲ့လူ အနေနဲ့ကတော့ အောက်ဆုံးက course ကို ရွေးပါ။ ဆက်တိုက် သွားရင်တော့ ပုံမှန်လူ တစ်ယောက်က ၁ လ ကျော်ကျော်လောက်နဲ့ ကျောင်းပြီးပါတယ်။

အောက်ဆုံးက course က တော့ သူတို့ ရဲ့ ကောင်တာမှာ ရက်ချိန်းယူရမှာပါ။ အဲ့ဒီ course ၃မျိုးမှာတော့ ၂ချိန် နဲ့ ၄ ချိန်ထဲက ရွေးလို့ရတဲ့ course တွေက online ကနေ ရက်ချိန်းယူရတာပါ။ အောက်ဆုံးက course ကတော့ သူတို့ရဲ့ ကောင်တာမှာ ရက်ချိန်းယူရမှာပဲဖြစ်ပါတယ်။

တက်မဲ့ course ကို ဆုံးဖြတ်ပြီးသွားရင် သင်တန်းကို အပ်ဖို့ လုပ်ဆောင်ရပါမယ်။ သင်တန်းသွားအပ်ရင် နေထိုင်ခွင့်ကဒ်၊ ရပ်ကွက်ထောက်ခံစာ၊ ရထားကဒ် suica or passmo ကို ယူသွားဖို့ လိုအပ်ပါတယ်။ အခုသင်တန်းက အခြားသင်တန်းနဲ့ မတူတဲ့ အားသာချက်ကတော့ credit card နဲ့ သင်တန်းကြေးကို အရစ်ကျ ပေးလို့ ရပါတယ်။

သင်တန်းတက်ရင် roll call ထိုးဖို့ အတွက် ရထားကဒ် ကို စက်မှာ scan ဖတ်တာမို့လို့ ရထားကဒ်ကို နေ့စဉ် သုံးနေကျ ကဒ်ကလေးနဲ့ လုပ်ဖို့ အကြံပေးပါရစေခင်ဗျာ။ ကျန်ခဲ့ရင် သင်တန်းမှာ တော်တော်လေး တိုင်ပတ်နိုင်မယ့် အရာဖြစ်လို့ပါ။ ကျောင်းအပ်ပြီးသွားရင် စာအုပ်တွေ ပေးပါလိမ့်မယ်။

ကျောင်းတက်ပွဲလေးတစ်ခုကို တက်ရပါတယ်။

ပထမဦးဆုံးရက်မှာဘဲ ကျောင်းမှ သတိပြုရမည့်အချက်တွေနှင့် Psycho Test စာမေးပွဲလေး တစ်ခုကိုဖြေရပါမယ်။ အာ့ဒီ စာမေးပွဲက အောင်မှတ်/ ကျမှတ် မရှိပါဘူး။ ဘယ်နှစ်မှတ်ရရ အဆင်ပြေပါတယ်။ သူ့အနေနဲ့က သင်က ဘယ်လို လူအမျိုးအစားထဲပါတဲ့အတွက် ဘယ်အချက်ကို ပိုပြီး ဂရုစိုက်သင့်တယ် ဆိုတာ လေးကို ပြောဖို့အတွက်ပါ။


သင်တန်းမှာက စာတွေ့ နဲ့ လက်တွေ့ဆိုပြီး အပိုင်း ၂ ပိုင်း ပိုင်းထားပေးပါတယ်။ ထိုအပိုင်း ၂ ခု အတွက်လည်း ပထမအဆင့် နဲ့ ဒုတိယအဆင့် ဆိုပြီး ရှိပါတယ်။ ကျောင်းအပ်တုန်းက ပေးလိုက်တဲ့ ကျောင်းတက်ပွဲ စာရွက်ထဲမှာ အချိန်ဇယား စာရွက်လေးပါပါတယ်။ နံပါတ်လေးတွေနဲ့ပါ။ ပထမအဆင့်ကတော့ အမဲ နဲ့ ရေးထားပြီး ဒုတိယအဆင့်ကတော့ အနီနဲ့ ရေးထားပါတယ်။ နံပါတ်လေးတွေက တော့ သင်မယ့် သင်ခန်းစာနံပါတ်ပါ။

ခုပုံထဲက file ပြားကတော့ ဘယ်အချိန်ဘဲ တက်တက်ယူသွားရမည့် file လေးပါ။ ကျောင်းထဲ စာဝင်တာနဲ့ IC card (suica or passmo ) ကဒ် scan ဖတ်ရမည့် နေရာလေးရှိပါတယ်။


စာတွေ့၊ လက်တွေ့ သင်ခါနီးတိုင်း အခု file ကို Reception ကနေ အရင် သွားထုတ်ရပါတယ်။

ထုတ်ပြီးပါက စာတွေ့ ဆိုရင်တော့ ၃ လွှာမှာ စာသင်ခန်းမကြီး ရှိပါတယ်။ အဲ့ဝင်ပြီး သင်တန်းစခါနီး ၁၀မိနစ်မှာ attendant ကောက်တဲ့ စက်ကိုသွားပြီး မိမိရဲ့ကဒ်ကို သွားscan လိုက်ပါက တက်ရောက်ကြောင်း ဝင်သွားပါလိမ့်မယ်။ ဆရာမှ file ကိုလိုက်သိမ်းပါလိမ့်မယ်။ အတန်းချိန် တစ်ချိန်ပြီးသွားရင် ပြန်ပေးပါလိမ့်မယ်။ ဆရာမှ နောက်တစ်ချိန် ရှိသေးလား မေးပါက ရှိသေးရင် fileပြန်ပေးပါ လိမ့်မည်။ မရှိဘူး ပြောလိုက်ရင် file ကို ပြန်ယူဖို့ မလိုပါဘူး။

လုံးဝ သတိပြုရမည့် အချက်က (၁) ဖုန်းသုံးလို့ မရပါဘူး။ (၂) အိပ်ငိုက်လို့ မရပါဘူး။ ဒီအချက်(၂)ချက်ကို လုပ်နေတယ်လို့ သူတို့ ယူဆရင် တံဆိပ်တုံး မထုပေးပါဘူး။ အဲ့တော့ နောက်တစ်ခါ ဒီအချိန်ကို ပြန်တက်ရမှာပါ။ သူတို့အနေနဲ့က စစ်ဆေးရေး ခဏခဏ ရှိလို့ တော်တော်လေးကို တင်းကြပ်ပါတယ်။

လက်တွေ့မောင်းသင်ဖို့ဆိုရင်တော့ စာတွေ့တုန်းကလိုဘဲ file ကို အရင်ထုတ်ပါ။ နောက် file ထုတ်ဖို့ scan တဲ့ နေရာဘေးမှာ computer ကောင်တာလေးတွေ ရှိပါတယ်။ လက်တွေ့ မောင်းဖို့ appointment ယူပြီးသားဆိုရင်တော့ အဲ့ မှာ scan လိုက်ပါ။ စာရွက်ထွက်လာပါလိမ့်မယ်။ စာရွက်ကို ယူပြီး ခုနက file ထဲ ညှပ်လိုက်ပါ။ လုပ်ဆောင်ပြီးပါက အောက်ထပ်ကို ဆင်းပါ။ အောက်မှာ ဆိုင်ကယ် စီးဖို့ ပြင်ဆင်ရမည့် နေရာကိုတွေ့ပါလိမ့်မယ်။ ခုနက file ကို သူတို့ သတ်မှတ်ထားတဲ့ နေရာမှာထည့်လိုက်ပါ။

အာ့ဒီမှာ သတိပြုရမည့် အချက်က (လုံးဝ နောက်ကျလို့ မရပါဘူး။) ၁၀ နာရီစမဲ့ အတန်းဆိုရင် ၉ နာရီ ၅၀ လောက်ထဲက စာရွက်ထုတ်ထားရမှာပါ။ စာရွက်မထုတ်ထားရင်တော့ cancel လို့ ယူဆပါတယ်။ အတန်းချိန်တွေ အကုန်လုံးက မစခင် ၁၀ မိနစ် အလိုမှာ သီချင်းသံလေးထွက်ပါတယ်။ အဲ့ဆို အတန်းစတယ်လို့ ယူဆပါတယ်။ ဆိုင်ကယ်စီးဖို့ လူတွေ အနေနဲ့ကတော့ 5 လွှာမှာရှိတဲ့ changing room က locker ကို သုံးလို့ ရပါတယ်။

5 လွှာမှာ lobby လည်း ရှိပါတယ်

မဖြစ်မနေ ပြင်ဆင်ရမှာကတော့ –

(၁) ခြေအိတ်ရှည်
(ခြေအိတ်တိုနေရင် ဥပဒေအရ အသားပေါ်နေတာ ခွင့်မပြုတဲ့အတွက် မရပါဘူး)
(၂) ခေါင်းစွပ်
(ကျောင်းအပ်တုန်းက တစ်ခုပေးပေမဲ့ တခါသုံးမို့ အဆင်မပြေပါဘူး၊ မပါရင် ကောင်တာမှာ သွားဝယ်လို့ ရပါတယ်။ yen ၅၀၀ လောက်တော့ ပေးရပါတယ်။ အများသုံး ဆိုင်ကယ် ဦးထုတ်မို့ ကိုယ်တိုင်မပါလာရင် ဝယ်ခိုင်းပါတယ်။)
(၃) လက်အိတ်
(ကိုယ်အဆင်ပြေတဲ့ လက်အိတ်ကို သုံးလို့ရပါတယ်။ ကောင်တာမှာလည်း မပါလာရင် ဝယ်လို့ ရပါတယ်။)

အခုပြောပြတဲ့ (၃) မျိုး မဖြစ်မနေပါမှ လက်တွေ့ ဆိုင်ကယ်ပေးစီးမှာပါ။

ကွင်းထဲ မဝင်ခင် ပုံထဲကအတိုင်း ဒူး၊ တံတောင်၊ ရင်ဘတ် ကာဗာဝတ်ရပါတယ်။ နောက်ပြီး မိမိရောက်နေတဲ့ အဆင့်။

အဆင့်(၁) ဆိုရင် ရင်ဘတ်က အနီရောင်၊ အဆင့်(၂) ဆိုရင် ရင်ဘတ်က အဝါရောင် ဝတ်ရမှာပါ။
အခုလို အကုန်ပြင်ဆင်ပြီးရင် ကွင်းထဲက ထိုင်ခုံမှာ ထိုင်ပြီး ဆရာလာခေါ်တာကို စောင့်နေပါ။
ပစ္စည်းတွေ အနေနဲ့ကတော့


protectorတွေ အပြင် ဖိနပ်တွေ၊မိုးကာတွေ အကုန်ရှိပါတယ်။ သုံးပြီး နဂိုနေရာပြန်ထားရင်ရပါတယ်။ အခန့်မသင့်လို့ ခြေစွပ်အတိုဖြစ်နေရင် အခု ပစ္စည်းထားတဲ့နေရာမှာ ဖိနပ်ရှည် စွပ်လိုက်ရင် အဆင်ပြေပါတယ်။

* စာတွေ့သင်တန်းက ဒဏ်ကြေးမရှိပေမဲ့ လက်တွေ့သင်တန်းကတော့ ဒဏ်ကြေး ရှိပါတယ်။ တစ်ချိန်ပျက်ရင် xxx ကျသင့်မှာပါ။ cancel လုပ်ချင်ရင်တော့ ၁ရက်ကြို ဖုန်းဆက်ပြီးပြောရပါတယ်။ လက်တွေ့ သင်တန်းက သူ့ အဆင့်ဆင့်နဲ့သွားတာမို့ ပြီးတဲ့အထိ ရက်ချိန်းယူထားတဲ့ လူအနေနဲ့ တစ်ချိန်ပျက်မိရင် နောက်က အစီအစဉ်တွေ အကုန်လုံးအတွက် ပြန်ချိန်းမှ ရမှာပါ။ ကျွန်တော်ဆို တစ်ချိန်ပျက်မိလို့ ၂ ပတ်လောက် စောင့်လိုက်ရတယ်။ အချိတ်အဆက်နဲ့ ကိုယ်အားတဲ့ အချိန် ပြန် အဆင်ပြေဖို့ အတွက်ပါ။*

သင်တန်းရဲ့ ပထမအဆင့် အစပိုင်းအချိန်မှာ ဆိုင်ကယ်ပေါ်တက်ခွင့် မပေးသေးပါဘူး။ ဆိုယ်ကယ်ကို လှဲထားပြီး ထူခိုင်းပါလိမ့်မယ်။ နည်းစနစ်ကို သင်ပေးမှာပါ။ အာ့ဒီနောက် ဆိုင်ကယ် တွန်းခိုင်းပါတယ်။

ပထမအဆင့်က သတ်မှတ်ထားတာတွေ အကုန်ပြီးမှ ဒုတိယအဆင့်ကို ဆက်တက်ရမှာပါ။

ဒုတိယအဆင့်မှာတော့ အရေးပေါ်အခြေအနေမှာ လုပ်ဆောင်ရတာတွေကို သင်ပေးမှာပါ။ နောက်ပြီး လက်တွေ့အချိန်တွေမှာ ကိုယ်အားနည်းတဲ့ အပိုင်းတွေကို ဆရာမှ စနစ်တကျ ပြန်လေ့ကျင့်ပေးမှာပါ။


Simulator အချိန် စုစုပေါင်း (၄) ချိန် ရှိပါတယ်။ ပထမအဆင့်မှာ (၁) ချိန် နဲ့ ဒုတိယအဆင့်မှာ (၃)ချိန် ပါပါတယ်။ ဒုတိယအဆင့် (၃) ချိန် ထဲက (၁) ချိန်ကတော့ လက်တွေ့စာမေးပွဲမှာ မိမိ ဖြေရမဲ့ route တွေကို ရှင်းပြပေးတာပါ။ သေချာလိုက်မှတ်ဖို့လိုပါမယ်။

ဆိုင်ကယ် Simulator က တော်တော်လေးကို အဆင်မပြေပါဘူး။ ထုတ်ထားတဲ့ company က Mitsubishi ဆိုင်ကယ်မထုတ်ဖူးတဲ့ company ဖြစ်လို့လားမသိ အဆင်ပြေသလိုသာ လုပ်ဆောင်ကျပါ။ လေ့ကျင့်ယုံ သတ်သတ်ဖြစ်တဲ့အတွက် ဘာမှစိတ်ပူစရာတော့ မရှိပါဘူး။

ဒုတိယအဆင့်မှာ (၃)ချိန်ဆက်တက်ရတဲ့ အရေးပေါ် အသက်ကယ်အတန်းချိန် ရှိပါတယ်။ အဲ့အချိန်မှာတော့ ပတ်တီးတွေ ဘယ်လို စည်းရလဲ။ နှလုံးပြန်ခုန်အောင် ဘယ်လို လုပ်ရသလဲ။ ဆိုတာတွေကို လက်တွေ့ ကိုယ်တိုင်ဝင်လုပ်ရတာ ဖြစ်တဲ့အတွက် လိုက်ပြီး သေချာမှတ်သားဖို့လိုပါမယ်။

ဒုတိယအဆင့်ရဲ့ (၄)ချိန်မြောက် နောက်ဆုံးအချိန်ကတော့ ကျွန်တော်တို့ လက်တွေ့စာမေးပွဲဖြေရင် မောင်းရမဲ့ route တွေကို လေ့ကျင့် ပေးမှာပါ။ စပြီး မလေ့ကျင်ခင်မှာ ကွင်း အခြေအနေအကြောင်း ပြထားတဲ့ စာရွက်လေး ပေးပါတယ်။ ဘယ်နေရာမှာ အချက်ပြပြီး၊ ဘယ်ဘက်ကို သွားရမလဲ ဆိုတဲ့ စာရွက်လေးပါ။ Simulator ခန်းမှာ ရှင်းပြပေးတာကို သေချာနားလည်အောင် မှတ်သားပြီး အလွတ်ရဖို့လိုပါတယ်။ စာမေးပွဲဖြေ ရင် အာ့ဒီ route အတိုင်းမောင်းဖို့ လိုပါတယ်။

သင်တန်းမှာ သတိပြုရမဲ့အချက်နဲ့ လိုက်နာရမဲ့အချက်တွေ ရေးပြီးတော့ အခု လက်တွေ့သင်တန်းမှာ (၁) သတိပြုရမဲ့အချက်၊ (၂) စာမေးပွဲမှာ တစ်ချက်ထဲ out ဖြစ်နိုင်တဲ့ အချက် နဲ့ (၃) အမှတ်နုတ်တဲ့ အချက်တွေကို ပြောပေးပါမယ်။


ကွင်းထဲက အခြေအနေကို အခု စပြောပါမယ်။ အခုပြောပြမှာတွေ အကုန်လုံးက လိုင်စင်ရအောင် ဂျပန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းထဲ ဝင်အောင်ပြောတာပါ။ လိုင်စင်ရဖို့တော့ ဘောင်ထဲဝင်အောင် လိုက်လုပ်မှ အဆင်ပြေပါမယ်။ အပြင်မှာမောင်းရင်တော့ ဒီလောက်ကြီး အရမ်း မတင်းကျပ်ပေမဲ့ အသိလေးတော့ ဝင်သွားတာပေါ့။

ကျွန်တော့်ကို သင်ပေးတဲ့ ဆရာ ပြောသမျှနဲ့ ကျွန်တော်သိချင်တာ မေးထားတာလေးတွေကို ပြန်မျှပေးပါမယ်။ သင်တန်း မတက်ဘဲနဲ့ လိုင်စင်တန်းပြီး သွားဖြေမဲ့ သူတွေအတွက်လည်း အသုံးဝင်မှာပါ။ ကွင်းထဲမှာ မောင်းတဲ့အခါ ကားနဲ့ မတူဘဲ လမ်းရဲ့ ဘယ်ဘက်ကို နည်းနည်းကပ်ပြီး မောင်းရပါမယ်။ အလယ်ခေါင်တည့်တည့် မဟုတ်ဘဲနဲ့ ဘာကြောင့်လဲ ဆိုတော့ အလယ်ခေါင်တည့်တည့်က မောင်းရင် ကားရဲ့ blind spot ထဲ ဝင်ရလွယ်လို့ပါ။ စာအုပ်ထဲမှာလည်းပါပါလိမ့်မယ်။

၁) ဆိုင်ကယ်ပေါ်တက်နည်း (နည်းစနစ် မမှန်ကန်ရင် အမှတ်နုတ်ပါတယ်။) ဆိုင်ကယ်ပေါ်တက်ဖို့ ဆိုင်ကယ်နားရောက်ရင် ဘယ်ညာကို အရင်ကြည့်ပါ။ ကြည့်ပြီးပါက လက်ကိုစုံကိုင်ပြီး ဘရိတ်ကိုညှစ်ထားပြီး ဒေါက်ကို ဖြုတ်ပါ။ ဒေါက်ဖြုတ်ပြီးမှ အပေါ်ကို တက်လို့ရပါမယ်။ ဒေါက်မဖြုတ်ဘဲ အ ပေါ်တက်မိရင် အမှတ်နုတ်ပါလိမ့်မယ်။ ဆိုင်ကယ်ပေါ်ရောက်ပါက ဘက် မှန်ကို ညှိပါ။ ( ညှိဖို့ မလိုလည်း လက် နဲ့ ကိုင်ပြီး ညှိပါ။ မဖြစ်မနေ ဒီ အဆင့်ပါကို ပါရမှာပါ) ခြေထောက်ကိုလည်း ဘယ်ဘက် ခြေထောက်ကို မြေကြီး ပေါ်ထောက်ပြီး ညာဘက်ခြေထောက်ကို အမြဲ break ပေါ်တင်ထားတဲ့ အနေအထားနဲ့ နေပါ။ စက်ကိုနှိုးပြီး ညာဘက် အချက်ပြမီးကို ပြပါ။
သတိပြုရမဲ့အချက်က အချက်ပြမီး ပြပြီးတာနဲ့ တန်းမထွက်ပါနဲ့၊ အချက်ပြမီးပြတိုင်းမှာ ခေါင်းကို မိမိ ပြတဲ့ဘက် နောက်ကို လှည့်ပြီး အမြဲ စစ်ဆေးရမယ် ဆိုတာကို သတိပြုရပါမယ်။ မလုပ်မိပါက အမှတ်ထပ်နုတ်ပါလိမ့်မယ်။

၂) ပတ်လမ်းထဲမှ အချို့နေရာများ အကြောင်း
一本橋_မှာ 7 sec အထက်နဲ့ မောင်းပြရမှာဖြစ်ပါတယ်။ သံပြားပေါ်က လမ်းချော်သွားရင် တစ်ချက်ထဲ out ဖြစ်ပါတယ်။ နောက်ဖြေဖို့ ရက်ချိန်းပြန်ယူရမှာပါ။

သတိပြုရမည့်အချက်ကတော့ 7 sec အထက် မရလို့ နည်းနည်း လိုသွားလည်း ဘာမှ မဖြစ်ပါဘူး။ အမှတ် အနည်းငယ်သာ နုတ်မှာပါ။ 8 sec အတွင်း မောင်းပြရမှာပါ။ ဒီတစ်ခုကတော့ ဆိုင်ကယ်မောင်းနေကျမဟုတ်တဲ့ လူတွေ အတွက် အခက်တွေ့စေမယ့် အရာပါ။

သတိပြုရမဲ့အချက်ကတော့ ဘေးမှာထောင်ထားတဲ့ တိုင်တွေကိုသာ မတိုက်မိပါစေနဲ့။ ဘေးမှာ ထောင်ထားတဲ့ တိုင်တွေ တိုက်မိရင် တစ်ချက်ထဲ out ဖြစ်ပါတယ်။ ဒီတိုင်တွေကို လူ(သို့ ) နံရံလို့ ယူဆတဲ့ အတွက်ပါ။ ခုပတ် လမ်းလိုမျိုး ပုံမှာပြတဲ့အတိုင်း ၂ ခုရှိပါသေးတယ်။ သူ့ကို ပတ်တဲ့အချိန်မှာ တိုင် ကို မတိုက်မိပါစေနဲ့။ တိုက်မိရင် တစ်ချက် ထဲ out ပါ။

၃) “ရပ်” sign
ထို “ရပ်” sign ပြထားတဲ့ နေရာမှာဆိုရင် လမ်းရှင်းနေပေမဲ့ မဖြစ်မနေ တစ်ခေါက်ရပ်ပြီး ဘယ်၊ညာ ရှင်း၊ မရှင်းကို မကြည့်လို့ မရပါဘူး။ မကြည့်ဘဲ ဆက်မောင်းသွားရင် တစ်ချက်ထဲ out ဖြစ်ပါတယ်။

၄) ဂုံးတက်
ပတ်မောင်းပြီး ဂုံးအတက်မှာ Gear 1 ပြောင်းပြီးတော့ ပြန်ထွက်တာကို မောင်းပြရမှာပါ။ သူကတော့ ဂုံးနားမှာ တိုင်လေးရှိပါတယ်။ အဲ့တိုင်နားမှာ ကပ်ရပ်ပြီး ပြန်ထွက်ရပါမယ်။ ညာဘက် အချက်ပြ မီးပြပါ။ ပြီးတော့ နောက်လှည့် ကြည့်ပါ။ အနောက်ကိုပြန်လိမ့်ပြီး စက်သေလို့ မရပါဘူး။ လက် break သုံးလို့ မရပါဘူး။ ခြေထောက် break ကို သုံးပြီး လီဗာ၊ ကလပ် သုံးပြီး တက်ပြရမှာပါ။

၅) အတားအဆီးပစ္စည်း နှင့် Blind spot
ပတ်လမ်းအကြီးမှာ အတားအဆီးပစ္စည်းလေးရှိပါတယ်။ သင်တန်းကာလ တစ်လျှောက်လုံး အဲ့နေရာကို မောင်းရပါတယ်။ အဲ့ဒီနေရာကို ဖြတ်မယ်ဆိုရင် အချက်ပြမီးကို လုံးဝ မေ့လို့မရပါဘူး။ ကျွန်တော်တို့ ဘယ်ဘက်ကို ကပ်မောင်းလာပြီး အရှေ့မှာ အတားအဆီးပစ္စည်း တွေ့ရင် ညာဘက် အချက်ပြမီး ပြပါ။ နောက်ကို လှည့်ကြည့်ပါ။ ပြီး ရင် ဖြတ်ပါ။ ဖြတ်ဖို့ တဝက်လောက် ရောက်ရင် ဘယ်ဘက် အချက်ပြမီးကို ပြပါ။ ခုလို ရှေ့ဘက် နဲ့ နောက်ကို ပြန်စစ်ပါ။ အချက်ပြမီး ပိတ်ပါ။
ဂုန်းအဆင်းမှာ ဘယ်၊ညာ သေချာမမြင်ရတဲ့ နေရာထားတက်ပါတယ်။ ဆင်းရင် ခုလို နေရာမှ ဆိုင်ကယ်ကို ဖြေးဖြေးချင်း ရှေ့ထွက်ပြီး ကြည့်ပြီးမှ ထွက်ဖို့ လိုပါမယ်။ တန်းထွက်လို့ မရပါဘူး။

၆) အရေးပေါ်Break
တော်တော်များများ အမှတ် နုတ်ခံရတဲ့ နေရာပါ။ သတ်မှတ်ထားတဲ့ နေရာကနေပြီးတော့ Gear 1 ကနေ Gear 3 အထိ 40 km ထိတင်ပြီး ရပ်ဖို့ pool နားရောက်ရင် ဘောင်ထဲမှာ လုံးဝ စက်မသေဘဲ အရှိန်သတ်ရတဲ့ နေရာပါ။ သတိပြုရမှာကတော့ အရှိန် 40 km မရောက်ရင် အမှတ်နုတ်ပါတယ်။ ဘောင်ထဲကွက်တိ မဝင်လည်း နုတ်ပါတယ်။ 40 km ကနေ pool နားရောက်ရင် လက်၊ခြေ break ကို သုံးပြီး စက်အရှိန်သေခါနီးမှ ကလပ်ကို ညစ်ပြီး gear ပြောင်းပါ။ ရပ်တဲ့အချိန်မှာလည်း ခြေထောက်က ဘယ်ဘက်ခြေထောက်ဘဲ မြေကြီးမှာ ထောက်လို့ ရပါတယ်။ ညာဘက်ခြေထောက် နဲ့ ထောက်ရင် အမှတ်နုတ်ပါတယ်။ ညာဘက်ခြေထောက်က အမြဲ break မှာ တင်ထားဖို့လိုပါတယ်။

၇) ရထားသံလမ်း
ရထားသံလမ်းနေရာရောက်ရင် ဘာမှ မရှိရင်တောင်မှ တစ်ခေါက် ရပ်ရပါမယ်။ ဘယ်၊ ညာကို ကြည့်ပါ။ ရှင်းပါက ဖြတ်မောင်းလို့ ရပါတယ်။ မောင်းနေတုန်း အလယ်မှာ ရပ်လို့ မရပါဘူး။ တစ်ခါတည်း ထွက်ရမှာပါ။

၈) ခြေထောက်အနေအထား
Gear ချိန်းပြီးပါက Gear တံပေါ် ခြေထောက် တင်ထားဖို့လိုပါတယ်။ Gear ချိန်းဖို့အတွက် အောက်မှာထားလို့ မရပါဘူး။ အမှတ်နုတ် မနုတ်တော့ သေချာ မသိပါဘူး။ သင်တန်းတက်တုန်းကတော့ ခဏ ခဏ အပြောခံ ရပါတယ်။

၉) အချက်ပြမီး
သတိလက်လွန် အဖြစ်ဆုံးပါ။ ဘယ်ဆိုဘယ်၊ ညာဆိုညာ အချက်ပြမီး ပြပြီးပါက ပြန်ပိတ်ပါ။ အမှတ် အနုတ်ခံရဆုံး အရာဖြစ်ပါတယ်။

၁၀) ခေါင်းလှည့်ပြီး စစ်ဆေးရန်
အခု အချက်ပြမီး ပြရုံဖြင့် မပြီးပါဘူး။ ပြတဲ့ဘက်ကို လှည့်ကြည့်ရပါမယ်။ ဆိုင်ကယ် Halmet နဲ့ဆိုတော့ ကိုယ်က လှည့်ကြည့်ပေမဲ့ နောက်က ကိုယ့်ကိုလိုက်စစ်တဲ့လူက သေချာမမြင်ရပါဘူး။ အဲ့ဒီတော့ ပုံမှန်ထက်ပိုပြီးလှည့်ပြီး လှည့်မှန်းသိသာအောင် လုပ်မှ အဆင်ပြေပါမယ်။

၁၁) ဆိုင်ကယ်က အဆင်း
ဆိုင်ကယ် ပန်းဝင်ခါနီးမှာသူတို့ သတ်မှတ်ထားတဲ့ poll မှာ ကွက်တိ ရပ်ပါ။ Gear ကို N လုပ်ပါ။ ဆိုင်ကယ်ပေါ်ကဆင်းပါ။ ဒေါက် ထောက်ပါ။ Steering ကို ဘယ်ဘက် အဆုံးလှည့်ပါ။ ထိုအချက်လုပ်မှ အဆင်ပြေပါမယ်။ မလုပ်မိပါက အမှတ်နုတ် ပါလိမ့်မယ်။

အခု အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ သင်တန်းမှာ ကျွန်တော် သိခဲ့တဲ့ အချက်တွေပါ။ ဒီအတိုင်း သွားဖြေတဲ့ လူတွေအတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ဖြေတဲ့နေရာ၊ သင်တန်းတွေ မတူတော့ ကွင်း အနေအထားလည်း မတူပါဘူး။ အခု ပြထားတဲ့ အချက်တွေက ဘယ်ကွင်းမဆို ဒီအချက်တွေတော့ပါပါတယ်။ အခု ပြထားတဲ့ အဆင့်ဆင့်တွေက ဂျပန်ရဲက လေ့ကျင့်ဖို့ မဖြစ်မနေ သတ်မှတ်ထားတဲ့ အရာတွေပါ။

ကျောင်းမှာတက်တဲ့ လူတွေအနေနဲ့ကတော့ အစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်းတွေဆိုရင်တော့ ထပ်ဖြေဖို့ မလိုပါဘူး။ သင်တန်းမှာဖြေပြီး အောင်လက်မှတ် ရတာနဲ့ အဆင်ပြေပါတယ်။ အားသာချက်တွေက တော့ အခုဖြေမဲ့ကွင်းက ကိုယ်လေ့ကျင့်နေတဲ့ ကွင်းရယ်၊ စာမေးပွဲမှာ ဖြေရမည့် အရာရယ်၊သတိပြုရမဲ့ အရာတွေကိုပါ တစ်ခါထဲသင်ပေးတော့ အဆင်ပြေပါတယ်။ ပြီးတော့ စာမေးပွဲ စစ်တဲ့ဆရာတွေလည်း ကိုယ့်ကို သင်တဲ့ဆရာတွေဖြစ်တော့ အမှတ်ကို အရမ်းကြီး မနုတ်ပါဘူး။
ဖြေခါနီး Route တွေ ခွဲပါတယ်။ Route 1 2 3 အစားစားရှိပါတယ်။ ဖြေတဲ့နေ့ မှ ကိုယ်ကဘယ် Route မောင်းရမလဲ ဆိုတာကို သိမှာပါ။


လက်တွေ့ စာမေးပွဲကတော့ Sat, Sun, Wed ရက်တွေမှာ ဖြေရတာပါ။ ပုံမှန်အားဖြင့် နေ့လယ် ၁၂း၃၀ ဝန်းကျင်လောက်ပါ။ သင်တန်းတက်ရင်းနဲ့ သူများတွေ ဖြေနေတာကို ကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်။

သင်တန်းက အောင်လက်မှတ်ရရင်တော့ လိုင်စင်ရုံးသွားပြီး ရေးဖြေ ဖြေလို့ ရပါပြီ။ ရေးဖြေ အောင်ရင် လိုင်စင်တန်းရပါတယ်။ ရေးဖြေကတော့ သွားဖြေတဲ့ ရုံးပေါ်မူတည်ပြီး ဘာသာစကားတွေ ရွေးလို့ ရပါတယ်။ ကျွန်တော်ကတော့ ဂျပန်လိုပဲ ဖြေဖို့ အကြံပေးပါတယ်။ စာတွေ့လည်း ဂျပန်လို သင်လာတော့နားယဉ်ပါတယ်။ စာတွေ့မှာလည်း ဆရာတွေက အမေးများတဲ့မေးခွန်းနဲ့ အရေးကြီးတာတွေကို မှတ်ခိုင်းပါတယ်။

ပြီးတော့ ကောင်တာမှာလည်း ခုလို မေးခွန်းတွေနဲ့ အမေးများတဲ့ စာရွက်လေးကိုလည်း ဝယ်ပြီး ဖတ်လို့ ရပါတယ်။


ကျွန်တော်လည်း 400cc လက်တွေ့စာမေးပွဲ အောင်ပြီး လိုင်စင် ရုံးသွားဖို့ virus ကြောင့် မသွားဘဲ အိမ်တွင်းအောင်းနေရတယ်။ အစက အကုန် လိုင်စင်ရမှ ရေးပေးဖို့ အခုအားနေတာနဲ့ မျှဝေပေးလိုက်ပါတယ်။ 400 cc အတွက် လိုင်စင်ရပြီးရင် အခုသင်တန်းမှာဘဲ 160000Yen ဝန်းကျင်နဲ့ 400c အထက်ကို ၁ ပတ်လောက်တက်ပြီး လက်တွေ့အောင်ရင်ကို လိုင်စင်ရုံး မှာ ရေးဖြေ မလိုဘဲနဲ့ လိုင်စင်တန်းလဲလို့ရပါတယ်။

အခု ဂျပန်မှာ အားတဲ့အချိန်လေး စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ဆိုင်ကယ် ပတ်စီးချင်တော့ ခုလိုဘဲ အချိန်ရသလို မြန်မြန်သွားတက်လို့ရအောင် အမြန်ဆုံးနည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။ တကယ်အချိန် ပေးရင် ၁ လခွဲ၊ ၂ လ ဘဲ ကြာပါတယ်။ လက်တွေ့အောင်လက်မှတ်က ၁ နှစ် သက်တမ်းခံပါတယ်။ တစ်နှစ် အတွင်း ရေးဖြေအောင်မှ လိုင်စင်ရမှာပါ။

နောက်လည်း အခုလို လိုင်စင်ဖြေဖို့ အစီအစဉ်ရှိတဲ့ ညီ၊ အစ်ကိုတွေလည်း ကျွန်တော့် အကောင့်ကို အပ်ထားနိုင်ပါတယ်။ ကျွန်တော် သိသလောက်ကူညီပေးပါမယ်။ သွားတက်မည့်ကျောင်း တူနေရင်တော့ ကျွန်တော်ဘယ်လိုဖြေရမလဲ ဆိုတာကိုလည်း အကြံပေးလို့ ရပါတယ်။ ရေးဖြေ အတွက်လည်း ဘယ်လို လေ့လာရမလဲ ဆိုတာလည်း မျှဝေပေးသွားပါမယ်။

Facebook Account Link

ကပ်ကြီးပြီးသွားရင် ဆိုင်ကယ်အတူ ပတ်စီးရအောင်! ဆိုင်ကယ် အသစ်တွေ၊ secondတွေ ဘယ်ဈေးပေါက်သလဲ ဆိုတာကိုလည်း လိုက်မေးဖို့ မလိုပါဘူး။ Mobile app လေးတစ်ခုကို တလက်စထဲ မိတ်ဆက်ပေးလိုက်ပါမယ်။ အခုပြထားတဲ့ app ထဲမှာ ကိုယ်ကြိုက်တဲ့ ဆိုင်ကယ် အကြောင်း အသေးစိတ် ကို ကြည့်လို့ရပါတယ်။ ဈေးတွေနဲ့ ဆက်သွယ်ရမည့်ဆိုင်လိပ်စာတွေ လည်းပါပါတယ်။

グーバイク

ဆိုင်ကယ်ဈေးကတော့ Yen 100,000 (၁၀သောင်း) ကနေစပြီး အမျိုးမျိုးရှိပါတယ်။ app ထဲကနေ တဆင့် မိမိ ကြိုက်နှစ်သက်တဲ့ Model နံပါတ်နှင့် အမျိုးအစားကို ဝင်ကြည့်လို့ ရပါတယ်။