ဂျပန်နိုင်ငံရဲ့ ၂၀၂၀ ခုနှစ် တိုင်ဖုန်းရာသီ စတင်

ဂျပန်နဲ့ တခြား အရှေ့အာရှနိုင်ငံတွေမှာ တိုင်ဖွန်းမုန်တိုင်းရာသီ စတင်နေပါပြီ။ လေတိုက်နှုန်းအမျိုးမျိုးကြောင့် ဖြစ်တတ်တဲ့ အပျက်အစီးတွေအကြောင်းကို ပြောပြပေးသွားပါမယ်။
အခိုက်အတန့်အားဖြင့် အမြန်ဆုံး တစ်နာရီကို ၁၄၄ ကီလိုမီတာနှုန်းနဲ့ တိုက်တဲ့ လေပြင်းတွေဟာ ဆိုင်းဘုတ်တွေ လွင့်ထွက်တာနဲ့ လမ်းပေါ်မှာ မောင်းနေတဲ့ ကုန်တင်ကားတွေကို မှောက်သွားစေနိုင်ပါတယ်။


တစ်နာရီကို ၂၁၆ ကီလိုမီတာ အရှိန်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ ရှင်ကဲန်းဆန်ကျည်ဆန်ရထားရဲ့ အရှိန်နဲ့ အတူတူလောက်ရှိပါတယ်။ အဲဒီလေတိုက်နှုန်းရဲ့ အရှိန်ဟာ အဆောက်အအုံတွေကို ပျက်စီးစေနိုင်ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ တစ်နာရီကို ၂၈၈ ကီလိုမီတာအထိ လေပြင်းတွေ တိုက်ခတ်နိုင်ပါတယ်။
လေပြင်းတွေ တိုက်ခတ်တဲ့အချိန်မှာ လွင့်မျောလာတဲ့ ထီးတွေက ပြတင်းပေါက်မှန်တွေကို လာရိုက်ပြီး မှန်ကွဲတာမျိုး ဖြစ်နိုင်ပါတယ်။


အဲဒါကြောင့် ထီးတွေ၊ အဝတ်လှန်းစင်တိုင်တွေလို လေပြင်းတွေ တိုက်ခတ်လာရင် လွင့်ထွက်လာနိုင်တဲ့ ပစ္စည်းတွေကို တိုင်ဖွန်းမုန်တိုင်းနဲ့ လေပြင်းတွေ မတိုင်ခင် သိမ်းဆည်းထားကြဖို့ အကြံပေးထားပါတယ်။ အဝတ်စိုတွေနဲ့ မဂ္ဂဇင်းတွေကလည်း လေတိုက်လို့ လွင့်မျောလာရင် အန္တရာယ်ရှိနိုင်ပါတယ်။
အိမ်တွေမှာ ပြတင်းကာတွေကိုပိတ်ထားရင် ပိုပြီး လုံခြုံနိုင်ပါတယ်။
အိမ်တွေမှာ ပြတင်းကာတွေ တပ်မထားဘူးဆိုရင် ပြတင်းပေါက်မှန်တွေကို ကတ်ထူပြားတွေနဲ့ ကာထားတာ ဒါမှမဟုတ် ဖလင်ပြား ကပ်ထားတာတွေက မှန်စတွေ ပြန့်ကြဲမသွားအောင် ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် မီးပျက်သွားတာမျိုးနဲ့ ပြတ်တောက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။


အဲဒါကြောင့် အစားအစာတွေကို အနည်းဆုံး ၃ ရက်စာလောက် ဆောင်ထားဖို့နဲ့ ဘက်ထရီတွေကို အားသွင်းထားကြဖို့ လူတွေကို အကြံပြုထားပါတယ်။
လေပြင်းမုန်တိုင်းတွေ စတိုက်လာပြီး နောက်ပိုင်းကျမှ စတင် ပြင်ဆင်မယ်ဆိုရင် အန္တရာယ်များပါတယ်။ တိုင်ဖွန်းမုန်တိုင်းမလာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။


လူတွေအနေနဲ့ မုန်တိုင်းရဲ့ ဗဟိုချက်နေရာနဲ့ ဝေးတယ်ဆိုရင်တောင်မှ လေဆင်နှာမောင်းအပါအဝင် လေပြင်းတိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။
တကယ်လို့ လျှပ်စီးလက်တာ ဒါမှမဟုတ် ရုတ်တရုတ်လေပြင်းတိုက်တာ၊ ဒါမှမဟုတ် ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားတာမျိုး မိုးမည်းတိမ်တောင်တွေဖြစ်လာတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် လူတွေအနေနဲ့ အခြေခံအုတ်မြစ်ခိုင်မာတဲ့ အဆောက်အအုံတွေမှာ ဘေးကင်းလုံခြုံအောင် ရှာဖွေပြီးနေကြဖို့ အကြံပြုထားပါတယ်။
အိမ်တွေ၊ ရုံးတွေ၊ အဆောက်အအုံတွေထဲမှာ ရှိနေတဲ့ အချိန်ဆိုရင် လိုက်ကာတွေကို ပိတ်ထားသင့်ပြီး ပြတင်းပေါက်နည်းတဲ့ ဒါမှမဟုတ် မရှိတဲ့ အခန်းတစ်ခန်းထဲကို ရွှေ့ပြီး နေသင့်ပါတယ်။

တိုင်ဖွန်း မုန်တိုင်းတစ်ခု ချဉ်းကပ်လာတာ ဒါမှမဟုတ် လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ ပင်လယ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင်က မြင့်တက်လာပြီး မုန်တိုင်းကြောင့်ဖြစ်တဲ့ ဒီရေမြင့်တက်မှု ဆိုတာ ဖြစ်ပေါ်ပါတယ်။ ပြီးတော့ ပြင်းထန်တဲ့ လေပြင်းတွေ တိုက်ခတ်မှုတွေနဲ့ ပေါင်းစပ်သွားပြီး ပင်လယ်ကမ်းရိုးတန်းဧရိယာတွေကို ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်တာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ဂျပန်နိုင်ငံတစ်ဝန်းမှာ ဒီလို သဘာဝဖြစ်စဉ်တွေ အကြိမ်ကြိမ်ဖြစ်ပြီး အကြီးအကျယ် ထိခိုက် ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။


လွန်ခဲ့တဲ့ ၂ နှစ်က ဂျပန်နိုင်ငံ အနောက်ပိုင်း Osaka ပင်လယ်ကွေ့မှာ Jebi တိုင်ဖွန်းမုန်တိုင်းကြောင့် ကြီးမားတဲ့ ဒီရေမြင့်တက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကြောင့် Kansai နိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းနဲ့ လေဆိပ်အဆောက်အအုံရဲ့ မြေအောက်ခန်းတွေ အပါအဝင် ဧရိယာတော်တော်များများမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။ ရေလွှမ်းမိုးတဲ့နေရာတွေ ပြန်နာလန်ထူဖို့ အချိန် ၁၇ ရက် ကြာခဲ့ရပါတယ်။

၂၀၀၄ ခုနှစ်တုန်းက Chaba တိုင်ဖွန်းမုန်တိုင်းကြောင့် Seto ကုန်းတွင်းပိုင်းပင်လယ်ရဲ့ နေရာတော်တော်များများမှာ မုန်တိုင်းကြောင့် ဒီရေမြင့်တက်မှု ဖြစ်ပွားခဲ့ပါတယ်။ Kagawa နဲ့ Okayama ခရိုင်တွေမှာ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

၁၉၅၉ ခုနှစ်က Ise Bay တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ချိန်က မုန်တိုင်းကြောင့် ဒီရေမြင့်တက်မှုက အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေခဲ့တာ သိထားကြပါတယ်။ အားကောင်းလှတဲ့ အဲဒီ ဒီရေလှိုင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် Aichi နဲ့ Mie ခရိုင်တွေမှာ လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
မုန်တိုင်းကြောင့် ဖြစ်တဲ့ဒီရေမြင့်တက်မှုနဲ့ ကြီးမားတဲ့လှိုင်းလုံးကြီးတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ပိုပြင်းထန်ပြီး အန္တရာယ်ပိုများလာတဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ်၊ ၂၀၁၃ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဗဟိုချက်ရဲ့ လေဖိအား ၈၉၅ ဟက်တိုပါစကယ် ရှိတဲ့ Haiyan တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းတိုက်ချိန်က လှိုင်းကြီးတွေဟာ မီတာ၂၀ ကျော် အမြင့်အထိ ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။
မျက်မြင်တွေ့သူတစ်ဦးက မုန်တိုင်းကြောင့် ဖြစ်လာတဲ့ အမြင့် ၅ မီတာကျော်တဲ့ ဒီရေမြင့်တက်မှုဟာ “ဆူနာမီလိုပဲ”လို့ ပြောပါတယ်။ အဲဒီအချိန်တုန်းက မုန်တိုင်းကြောင့်ဖြစ်တဲ့ ဒီရေမြင့်တက်မှုဟာ လှိုင်းလုံးကြီးတွေနဲ့ ပေါင်းစပ်သွားခဲ့ပုံ ပေါ်ပါတယ်။ မုန်တိုင်းကြောင့် ဒီရေမြင့်တက်မှု မရှိခဲ့တဲ့ ဧရိယာတွေမှာတောင်မှ လှိုင်းတွေရဲ့ အမြင့်က ၁၄ မီတာအထိ ရှိခဲ့တာကို အတည်ပြုထားပါတယ်။ အဲဒီတိုင်ဖွန်းမုန်တိုင်းထဲမှာ ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံး/ပျောက်ဆုံးသူ ၇၀၀၀ ကျော် ရှိခဲ့ပါတယ်။


မုန်တိုင်းကြောင့် ဒီရေမြင့်တက်မှုကနေ မိမိကိုယ်ကိုယ် ကာကွယ်ရာမှာ အန္တရာယ်တွေကို ကြိုတင်သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရေကြီးမှု အန္တရာယ်ဖြစ်နိုင်တဲ့ ဧရိယာတွေကို ဒေသန္တရအစိုးရက ပြုစုထားတဲ့ ဘေးအန္တရာယ်ရှိတဲ့ဒေသ မြေပုံတွေမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ရေကြီးမှုအန္တရာယ် အဆင့်သတ်မှတ်ချက်အလိုက် မြေပုံပေါ်မှာ အရောင်အမျိုးမျိုးနဲ့ ဖော်ပြထားပါတယ်။
အထူးသဖြင့် “ပင်လယ်ကမ်းရိုးတန်း ဒါမှမဟုတ် မြစ်ဝ နဲ့ နီးတဲ့ ဧရိယာတွေ” နဲ့ “ပင်လယ်ရေမျက်နှာပြင် အမြင့်ဝန်းကျင် ဒါမှမဟုတ် အဲဒါထက် နိမ့်တဲ့ ဧရိယာတွေ”မှာ မုန်တိုင်းကြောင့်ဖြစ်တဲ့ ဒီရေမြင့်တက်မှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်နိုင်ခြေ အန္တရာယ် ပိုများပါတယ်။
ချက်ချင်း တိမ်းရှောင်ဖို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အကြံပေးချက် ဒါမှမဟုတ် မုန်တိုင်းကြောင့်ဖြစ်တဲ့ ဒီရေမြင့်တက်မှုဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားတဲ့အခါ မြန်မြန်ဆန်ဆန် ထွက်ပြေးတိမ်းရှောင်မှုကို လုပ်သင့်ပါတယ်။
ဒီနေရာမှာ ထွက်ပြေးတိမ်းရှောင်တာနဲ့ ပတ်သက်ပြီး မှတ်ထားစေလိုတဲ့ အချက်တွေရှိပါတယ်။ တိုင်ဖွန်းမုန်တိုင်း နီးကပ်လာတဲ့အခါ မုန်တိုင်းကြောင့်ဖြစ်တဲ့ ဒီရေမြင့်တက်မှု မတိုင်ခင် လေပြင်းတွေ စတင်တိုက်ခတ်လာနိုင်ပြီး အပြင်ဘက်မှာ လှုပ်ရှားသွားလာဖို့ ခက်ခဲပါလိမ့်မယ်။ တိမ်းရှောင်မှုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်