တစ်ကိုယ်တည်း ညစာ စားဖြစ်တဲ့အခါ အဖော်အဖြစ် ရှိနေနိုင်မဲ့ MIDNIGHT DINER

August 11, 2020 at 9:51 AM

တစ်ပတ်မှာ ၅ ရက်၊ မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အလုပ်ကအပြန် ရထား သို့မဟုတ် လိုင်းကားတိုးစီးရင်း ဒီည ဘာစားရမလဲ၊ အိမ်မှာ ဘာဟင်းချက်သလဲ၊ ဘာချက်စားရင် ကောင်းမလဲလို့ အနည်းနဲ့အများတော့ တွေးမိကြမှာပါ။ တစ်ယောက်တည်းနေတဲ့ သူတွေဆို အပြင်မှာ စားလိုက်ရင်ပြီးသွားရော။ အိမ်မှာချက်စားရင် အိုးခွက်ပန်းကန်ဆေးရနဲ့ အချိန်ကုန်တယ်။ ကိုယ်က အလုပ်တစ်ဖက်နဲ့ အိမ်ထောင်ရှင်မဆိုရင် အလုပ်ကပြန်ရောက်တာနဲ့ ကမန်းကတန်း ချက်ရပြုတ်ရသေးတယ်။

ဒီကိစ္စဟာ ကျွန်တော်တို့ ရွှေမြန်မာတွေမှာမှ မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွေးဖြစ်တဲ့ အတွေးတစ်ခုပါ။

မိသားစုနဲ့အတူနေတဲ့ သူတွေရဲ့ ထမင်းဝိုင်းဟာ သိုက်သိုက်ဝန်းဝန်းရှိပင်မယ့် တစ်ကိုယ်တည်းနေတဲ့ လူတွေအတွက်ကျတော့ ကိုယ့်ဖာသာချက်စားတဲ့ ဟင်းကမြိန်ရင်တောင် အထီးကျန်တာ အမှန်ပဲ။ ဒါကြောင့် တစ်ကိုယ်တည်းသမား တစ်ချို့ဟာ လူများတဲ့ ဆိုင်တွေမှာ ညစာစားတတ်ကြတယ်။ ကိုယ့်လိုမျိုး တစ်ယောက်တည်းထိုင်စားနေတဲ့ လူတွေမြင်တဲ့ အခါမှာ အထီးကျန်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါလားဆိုတဲ့ နှစ်သိမ့်မှုတစ်ခုတော့ ရတာပေါ့။

ဂျပန်ရဲ့ မြို့ပြနေထိုင်မှုမှာ အထီးကျန်တယ်ဆိုတာ ပုံသေ သာမန် တစ်ခုပါပဲ။ အလုပ်ဆင်းလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ izakaya သွားတဲ့ အချိန်မျိုးကလွဲရင် ကျန်တဲ့ အချိန်တွေဟာ ဟာတာတာကြီးပါ။

ဂျပန်လူမျိုးတွေဟာ အသင့်စား အစားအစာတွေထက် ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ ဟင်းအမယ်တစ်မျိုးမျိုးနဲ့ မီဆိုဟင်းရည်လေး တစ်ခွက်ပါမှာ မြိန်ရေရှက်ရေ စားတတ်တဲ့လူမျိုးတွေဖြစ်တယ်။ ဂျပန်မှာ Yoshinoya, Sukiya, First Kitchen, CoCo Ichiben, Tenya စတဲ့ နာမည်ကြီး ထမင်းဆိုင်ကြီးတွေဆိုရင် တစ်နေ့ကို စားသုံးသူသိန်းနဲ့ချီပြီးရကြပါတယ်။ တစ်ချို့ကြတော့လဲ ဆိုင်ကြီးတွေမှာမစားပဲ ကိုယ့် အိမ်/တိုက်ခန်းနဲ့နီးတဲ့၊ ပြန်နေကြလမ်းပေါ်မှာရှိတဲ့ ထမင်းဆိုင်အသေးလေးတွေမှာပဲ အဆင်ပြေသလိုဝင်စားတတ်ကြပါတယ်။

စာရေးသူသဘောကျတာ တစ်ခုက ဂျပန်မှာ ညလုံးပေါက်ဖွင့်တဲ့ ထမင်းဆိုင်အသေးလေးတွေ အများကြီးရှိပါတယ်။ အမယ်မစုံပင်မယ့် ဆိုင်ရဲ့ အထင်ကရဟင်းလျာလေးတွေနဲ့ ပုံမှန်လာအားပေးတဲ့ မိတ်တွေရှိတော့ ဆိုင်လေးတွေရပ်တည်ဖို့အဆင်ပြေတာပေါ့။

အဲ့လိုညလုံးပေါက်ဖွင့်တဲ့ ထမင်းဆိုင်လေးတစ်ဆိုင်ရဲ့ ဇာတ်လမ်းကို Netflix မှာ Midnight Diner, Japanese title 深夜食堂(Shinya Shokudo) နာမည်နဲ့ ရှာကြည့်လို့ရပါတယ်။ ဒီနာမည်နဲ့ပဲ ဂျပန်ရုပ်သံလိုင်းမှာ ၅ နှစ်လောက်ထုတ်လွှင့်ပြသဖူးပါတယ်။ အခုမှ Netflix က အသစ် ပြန်ရိုက်တာပါ။

ကြည့်နေကြ j-drama တွေလို ဟော့ဟော့ရမ်းရမ်း ရဲစုံထောက်ယာကူဇာ ဇာတ်လမ်း၊ လွမ်းလွမ်းဆွေးဆွေး အချစ်ကားလည်းမဟုတ်၊ ရင်ထိတ်သည်းဖိုလူသတ်ကားလည်းမဟုတ်ဘူး ဘဝရဲ့ဇာတ်ခုံနေရာစုံ အလွှာစုံကနေလာပြီး ဒီထမင်းဆိုင်လေးမှာတွေ့ကြ၊ ရေစက်ဆုံကြတဲ့အကြောင်းလေးတွေကို စုစည်းပြီးရိုက်ထားတာပေါ့။ အဲ့ထမင်းဆိုင်လေးကသူ့နာမည်အတိုင်း ညဉ့်လယ် ၁၂နာရီကနေ မနက် ၇နာရီအထိဖွင့်တယ်။ ဆိုင်မှာ မှာစားလို့ရတဲ့စားစရာအမယ်က ၄ မျိုးပဲရှိတာဆိုပင်မယ့် ကိုယ်တကူးတကစားချင်တာမှာမယ်ဆိုရင် မှာတဲ့ဟင်းပွဲအတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေဆိုင်မှာရှိနေရင် ချက်ပေးတယ်။ ဒါမှမဟုတ် ကိုယ်တိုင်တစ်ပါတည်းဝယ်ခဲ့ရင်လည်း ချက်ပေးပါတယ်။
ဆိုင်ပိုင်ရှင်ဦးလေးကြီးရဲ့ မျက်နှာမှာ အမာရွတ်ကြောင်းကြီးနဲ့ကြောက်စရာဆိုပင်မယ့် ဖော်ဖော်ရွှေရွှေပဲ စားသုံးသူတွေပြောတာ၊ရင်ဖွင့်တာ၊ညည်းညူတာတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီးအကြံဉာဏ်ပေးလေ့ရှိတယ်။

ဦးလေးကြီးရဲ့ ဆိုင်မှာ လာစားနေကြ ဧည့်သည်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်ရင်းနှီးနေကြပြီး ညတိုင်းလာအားပေးကြတာ ဦးလေးကြီးဆိုင်မှာ လူပြတ်သွားတယ်လို့ကိုမရှိပါဘူး။ တစ်ချို့တွေဟာ တစ်ကိုယ်တည်းသမားတွေဖြစ်ကြပေမဲ့ ထမင်းစားချိန်လေးမှာ အသိမိတ်ဆွေတွေနဲ့ စကားဖောင်ဖွဲ့ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေပြောကြ၊ ထမင်းဝင်စားတဲ့ ကိုယ်နဲ့မသိတဲ့ သူတွေကလည်း စိတ်ဝင်တစားနဲ့ ဝင်ပြောကြတာကြည့်ရတာ အလွန်ကို နှလုံးအေးပြီး ကြည်နူးစရာပါ။

တစ်ပိုင်းကို ဇာတ်လမ်းတစ်ပုဒ်စီနဲ့ မရိုးရအောင် တင်ဆက်ထားတဲ့အပြင် တစ်ပုဒ်ဆီတိုင်းရဲ့ အမည်လေးတွေကိုလည်း ဂျပန် ဟင်းလျာ အမည်လေးတွေ ပေးထားလေရဲ့။ ဆိုင်မှာအမြဲတမ်းလာစားနေကြ ဧည့်သည်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒီဆိုင်လေးကို တစ်ခါဝင်စားဖူးလို့ သတိတရ ထပ်လာစားကြသူတွေရဲ့ ဇာတ်လမ်းတွေကြည့်ရင်း ဘဝအမောပြေစေတာ အမှန်ပါပဲ။

series ကတော့ ၂၀၀၉ ခုနှစ် ကတည်းက TBS-MBS ရုပ်သံလိုင်းမှာပြနေတာ season ၃ ခုနဲ့ movie ၂ ကားရှိပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်ကမှ Netflix ပေါ်ရောက်တယ်လို့ထင်ရပါတယ်။

သူ့ရဲ့နဂိုမူလ manga လည်းရှိပါသေးတယ်။ စာရေးဆရာကတော့ Abe Yarō ပါ။

အဖွင့်သီချင်း 思い出(Omoide) ကလည်း နားထောင်လိုက်တာနဲ့ ရင်ထဲအေးသွားစေပါတယ်။

အပိတ်သီချင်းကတော့ medline သံစဉ်နဲ့ Believe in Paradise ဆိုတဲ့ သီချင်းပါ။

အရမ်းကြီး ရှုပ်ထွေးတဲ့ plost twist တွေ၊ drama ခင်းလွန်းတဲ့ rom-com တွေကြည့်ရတာရိုးလာရင် ဒါမျိုး slice of life လေး ကာဖီသောက်ရင်း ကြည့်ရတာလည်း ဈာန် တစ်မျိုးပဲ။
SOURCE – THIRD WORLD WOTA KWEE