Weathering with my thoughts
အပြင်မှာ မိုးရွာနေပါတယ်။ ဆောင်းတွင်းဝင်တော့မှာမို့ ဒေဝေါက သူ့သားသမီးတွေကို ပြန်လိုက်ခေါ်နေတယ်လို့ အခုလိုလတွေမှာ မိုးချိမ်းတဲ့အခါ မိခင်ဖြစ်သူက ပြောလေ့ရှိတယ်။ စောင်ခြုံပြီး အနာဂတ် အကြောင်း တွေးဖို့ထက် မျှော်လင့်ချက်မဲ့အခြေအနေကို လှမ်းငေးနေမိရင် Makoto Shinkai ရဲ့ Weathering With You အကြောင်း တွေးမိခဲ့ပါတော့တယ်။

အားလုံး ကြည့်ပြီးသား ဖြစ်လောက်မဲ့ Makoto Shinkai ရဲ့ “Weathering With You” ကို စာရေးသူမကြည့်မိခင်ကတည်းက သူ့ရဲ့ ယခင်ရုပ်ရှင်တွေလိုပဲ သံယောဇဉ်နဲ့ ဆက်နွယ်တဲ့ အခက်အခဲတွေ၊ သာမန်ဘဝတစ်ခုမှာ ပိတ်မိနေတယ်လို့ ခံစားရမှုတွေ နောက်ပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ ပတ်သက်ဆက်နွယ်မှုတွေ နောက်ပြီး သူအမြဲတမ်း တင်ပြလေ့ရှိတဲ့ လူငယ်တွေရဲ့ ပြဿနာအခက်အခဲတွေကိုပဲ သေချာ တင်ပြ ဖန်တီးထားလိမ့်မယ်လို့ ယူဆခဲ့ပြီးသားပါ။

Shinkai ရဲ့ Animation ဇာတ်လမ်းတွေက လူတစ်ယောက်ကို လက်ဆောင်ပေးတဲ့အခါတိုင်း မတူညီတဲ့ ထုပ်ပိုးမှုပုံစံနဲ့ ပေးနေသလို အမြဲတမ်း တူညီတဲ့ပစ္စည်း ပဲ ပေးတာဖြစ်ပေမဲ့ လက်ဆောင်အဖြစ် ထုပ်ပိုးထားတာလည်းက အမြဲ ဆန်းသစ်လှပနေလေ့ရှိပါတယ်။ အဲ့ဒီလိုပဲ Shinkai ရဲ့ “Weathering With You” ကို ကြည့်မိတဲ့အချိန်မှာ ဇာတ်လမ်းအကြောင်းအရာက မျက်နှာပြင်ကပဲခပ်ယူလိုက်မယ်ဆိုရင် ရိုးရှင်းလွန်းတာပေမဲ့ အနက်ထဲထိ ငုပ်လျှိုး ပြီး ခပ်ယူမယ်ဆိုရင်တော့ ဘေး အတူကြည့်နေတဲ့ သူနဲ့ မတူတဲ့ ရသအမြင်မျိုးကို ရရှိနိုင်ပါတယ်။

Weathering With You မှာတော့ Shinkai က စိတ်ကျန်းမာရေး အခြေအနေ ကို ရာသီဥတု နဲ့ နှိုင်းပြထားပြီး မျှော်လင့်ခြင်း ကို ရှာဖွေပြထားပါတယ်။ အဓိက က ဂျပန် လူငယ်တွေ ထွေးပိုက်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပြသလိုခြင်းဖြစ်တယ်လို့ Interview တစ်ခုမှာ Shinkai က ဖြေထားပါတယ်။ ဒါပေမဲ့ လူသားတွေ မကြာခဏ ကိုယ့်ဟာကိုယ် ထုတ်လိုက်တဲ့ အချိန်ကာလ အနည်းငယ်ပဲ ခံတဲ့ အဖြေတွေကို Shinkai က တင်ပြထားတယ်လို့ ကျွန်တော်ခံစားမိခဲ့တယ်။ အချိန်ကာလ အနည်းငယ်ပဲ ခံတဲ့ အဖြေတွေဆိုတာ လက်တွေ့နဲ့ ဝေးရာကို ထွက်ပြေးတာမျိုး အရက်သေစာသောက်စားပြီး မေ့ပစ်လိုက်တာမျိုးကို ဆိုလိုချင်တာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ညာလိုက်တယ်လို့ အများစုက သုံးလေ့ရှိတဲ့ ဒီအဖြေတွေဟာ အချိန်အခိုက်အတန့် တစ်ခုပဲ ခံတယ်ဆိုတာ လူတိုင်း သိပြီးသား ဖြစ်ပါလိမ့်မယ်။

ဒီလို လက်တွေ့ဘဝ လှပဖို့ အချိန်အခိုက်အတန့်အနည်းငယ်မျှသာခံတဲ့ အဖြေကို ထုတ်ပြီး နေမယ်ဆိုရင် ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲဆိုတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အတွေးတစ်ခုကို Shinkai က ပြသခဲ့ပါတယ်။ ပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲသွားရင်တောင် ကျွန်တော်တို့ကလည်း လိုက်ပြီးပြောင်းလဲနေရတာ အခုလက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါကာလ နေထိုင်မှုကိုသာ ကြည့်ရင် သိနိုင်ပါတယ်။