ဂျပန်ရှိ ကူးစက်မှု ၁၀ ရာခိုင်နှုန်းနီးပါးဟာ ဆေးရုံတွေနဲ့ ဆက်နွယ်မှုရှိ

April 24, 2020 at 8:20 PM

ဂျပန်နိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူတွေရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးဟာ ဆေးရုံတွေနဲ့ တခြားဆေးဘက်ဆိုင်ရာ ဌာနတွေ အတွင်းမှာ အဲဒီဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့ပုံရတယ်လို့ ယုံကြည်ရကြောင်း NHK က ကောက်ယူထားတဲ့ စစ်တမ်းမှာ ပြသနေပါတယ်။
အင်္ဂါနေ့အချိန်အထိ နိုင်ငံအနှံ့မှာရှိတဲ့ ဆေးဘက်ဆိုင်ရာဌာန ၆၀ မှာ ဆေးရုံတွင်း ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်ခဲ့တာနဲ့ သံသယဖြစ်ခဲ့ရတဲ့ ကူးစက်မှုပေါင်း ၁၀၈၆မှု ရှိပါတယ်။
ကူးစက်ခံရသူ ၅၁၃ ဦးဟာ ဆရာဝန်၊ သူနာပြုတွေနဲ့ တခြား ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေ ဖြစ်ပြီး ၅၃၄ ဦးကတော့ သာမန်လူနာတွေ ဖြစ်ကြပါတယ်။
ဆေးရုံတွင်း ကူးစက်မှုဟာ တိုကျိုမှာ အရေအတွက် အများဆုံးဖြစ်ပြီး ၄၅၄ မှု ရှိပါတယ်။ အိုစာကာမှာ ၁၅၅ မှုရှိပြီး ဒါဟာ ဒုတိယ အများဆုံး ဖြစ် ပါတယ်။ အိုစာကာပြီးရင်တော့ ဟော့ကိုင်းဒိုး၊ ဖူကုအိုကား၊ ဟျိုးဂိုး နဲ့ စိုင်းတာမာ့ ခရိုင်တို့ ဖြစ်ပါတယ်။
အဲဒီလို ဆေးရုံတွင်း ကူးစက်မှုတွေကြောင့် ဆေးရုံအများအပြားဟာ ပြင်ပလူနာကုသပေးမှုနဲ့ တခြားဝန်ဆောင်မှု ပေးတာတွေကို ဆိုင်းငံ့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ဒီလို ကူးစက်မှုတွေ နောက်ထပ်ပိုများလာလို့ရှိရင် ဂျပန်ရဲ့ ကျန်းမာရေးပြုစု စောင့်ရှောက်မှုစနစ်ကို ထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
SOURCE- NHK