ကိုရိုနာကပ်ရောဂါအရေးနဲ့ပတ်သက်ပြီး ဂျပန် ဝန်ကြီးချုပ်နဲ့ အမေရိကန် သမ္မတတို့ ဆွေးနွေး

May 8, 2020 at 6:51 PM

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အမြန် အဆုံးသတ်ရေး ကူညီဖို့အတွက် ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အမေရိကန်သမ္မတ Donald Trump တို့အတူတကွ ဆက်လက် လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြပါတယ်။
ဂျပန်ဘက်က တောင်းဆိုချက်အရ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဂျပန်အချိန် မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ မိနစ် ၄၀ ကြာလောက် တယ်လီဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
မစ္စတာ Abe နဲ့ မစ္စတာ Trump တို့ဟာ တစ်နိုင်ငံချင်းစီက ကူးစက်ဖြစ်ပွားမှု တွေရဲ့ နောက်ဆုံး သတင်းအချက်အလက်တွေနဲ့ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို ဖလှယ်ခဲ့ကြပါတယ်။ ထို့အပြင် နှစ်နိုင်ငံအတွင်း စီးပွားရေး ပြန်လည် ဖွင့်လှစ် လုပ်ဆောင်ရေး ခြေလှမ်းတွေ၊ ကုသဆေးနဲ့ ကာကွယ်ဆေး တီထွင် ထုတ်လုပ်ရေး ကြိုးပမ်းချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဂျပန်လူမျိုးတွေကို မြောက်ကိုရီးယားက အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တဲ့ကိစ္စ နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ ဖြေရှင်းရေးအတွက် အနီးကပ် ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတာကိုလည်း ခေါင်းဆောင်နှစ်ဦးတို့က အတည်ပြုခဲ့ ကြပါတယ်။
နောက်နှစ်မှာ ကျင်းပဖို့ နေ့ရက် ပြန်လည်သတ်မှတ်ခဲ့တဲ့ တိုကျို အိုလံပစ်နဲ့ ပါရာလင်ပစ် အားကစားပွဲတွေ သေချာပေါက် အောင်မြင်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း မစ္စတာ Abeနဲ့ မစ္စတာ Trumpတို့ က သဘောတူခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးမှာ တရုတ်အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အတူတကွ လုပ်ဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးတို့ အမြင်သဘော တူခဲ့ကြပါတယ်။
SOURCE – Japan Today