ညအချိန်မှာ ဘားအရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ထားဖို့ ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

April 19, 2020 at 11:53 AM

ဂျပန်တစ်နိုင်ငံလုံးက ပြည်သူတွေကို ညအချိန် ဖွင့်လှစ် ရောင်းချတဲ့ စားသောက်ဆိုင်တွေနဲ့ ဘားအရက်ဆိုင်တွေဆီ မသွားကြဖို့ ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး (Abe Shinzo) က တိုက်တွန်း လိုက်ပါတယ်။ဂျပန်မှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ခရိုင် ၇ ခုမှာ တစ်လကြာ အရေးပေါ်အခြေအနေကို အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ကပ်ရောဂါကူးစက်ပြန့် ပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းရေးအခြေခံလမ်းညွှန်ချက်အရ ခရိုင် ၇ ခုက ပြည်သူတွေကို ဖျော်ဖြေရေးနေရာတွေ ဆိုင်တွေဆီ သွားရောက်တာကို ရှောင်ရှားကြဖို့ လေးလေးနက်နက် တောင်းဆို တိုက်တွန်းထားပြီဖြစ်ပါတယ်။

စနေနေ့က ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ်အာဘဲက ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူအများအပြားဟာ အဲဒီ ခရိုင်တွေ မှာရှိတဲ့ ဖျော်ဖြေရေးဆိုင်တွေဆီကို သွားရောက်ခဲ့တာကို တွေ့ရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အလားတူဖြစ်ရပ်တွေကို ဂျပန်နိုင်ငံရဲ့ တခြားဒေသတွေမှာလည်း တွေ့ရှိခဲ့ကြောင်း သူက ဆက်ပြောသွားပါတယ်။

“လှောင်ပိတ်နေပြီး လူအများစုဝေးတဲ့နေရာတွေ၊ လူတွေ အနီးကပ် ထိတွေ့မှု ရှိတဲ့ နေရာတွေ” ဖြစ်တဲ့ ဘားတွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေနဲ့ ဂီတဖျော်ဖြေပွဲတွေလုပ်တဲ့ နေရာတွေ သာမက ဆိုင်ဝန်ထမ်းတွေနဲ့ လာရောက်စားသောက်တဲ့ ဧည့်သည်တွေအကြား နီးနီးကပ်ကပ် ထိတွေ့မှုရှိတဲ့ တစ်နိုင်ငံလုံးက စားသောက်ဆိုင်တွေနဲ့ ဘားအရက်ဆိုင်တွေကို သွားတာကိုပါ ရှောင်ရှားကြဖို့ ပြည်သူတွေကို တိုက်တွန်းဖို့ သူ့အနေနဲ့ ဆုံးဖြတ်ထားတယ် လို့လည်း မစ္စတာအာဘဲကပြောကြား လိုက်ပါတယ်။

အရေးပေါ်အခြေအနေကို တစ်လအတွင်း အဆုံးသတ်နိုင်ဖို့အတွက် လူတိုင်းက တခြားလူနဲ့ထိတွေ့မှု တွေကို “အနည်းဆုံး ၇၀ ရာခိုင်နှုန်း ဖြစ်နိုင်ရင် ၈၀ ရာခိုင်နှုန်း“ လျှော့ချဖို့ လိုအပ်ကြောင်းနဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် ပြည်သူတွေရဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေက အင်မတန် အရေးပါတယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောသွားပါတယ်။

အဲဒီ ခရိုင် ၇ခုအတွင်းက စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေ မိမိတို့နေအိမ်ကနေ အလုပ်လုပ်လို့ရအောင် စီစဉ်ပေးဖို့နဲ့ မဖြစ်နေ အလုပ်တက်ဖို့လိုတယ်ဆိုရင်လည်း ဝန်ထမ်း အရေအတွက်ကို အနည်းဆုံး ၇၀ ရာခိုင်နှုန်း လျှော့ချရေးကိစ္စတွေကို တိုက်တွန်းဆောင်ရွက်ဖို့လည်း ဝန်ကြီးချုပ် အာဘဲက သက်ဆိုင်ရာ ဝန်ကြီးတွေကို ညွှန်ကြားလိုက်ပါတယ်။

ကုမ္ပဏီအများအပြားက ဝန်ထမ်းအားလုံးကို နေအိမ်ကနေ အလုပ်လုပ်ဖို့ စည်းကမ်းထုတ်ပြီး ပြောင်းလဲ လုပ်ဆောင်နေပေမဲ့ ရုံးတက်သွားလာသူလျှော့ချတဲ့ အရေအတွက် မလုံလောက်သေးဘူးလို့ လည်း ဝန်ကြီးချုပ် အာဘဲက ပြောပါတယ်။ နှာခေါင်းစည်းတွေ မလုံလောက်မှုဖြစ်နေတဲ့ အဲဒီ ခရိုင်၇ခုမှာရှိတဲ့ ကျန်းမာရေးဌာနတွေဆီကို နှာခေါင်းစည်း အခုရေ ၁၀ သန်းကို နောက်ထပ် ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ လည်း သူက ပြောပါတယ်။

SOURCE – NHK