တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၈ ဦး နှင့် လေဆိပ် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိမှု တိုးလာနေ

June 25, 2020 at 7:02 PM

ဂျပန်က နေရာ အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု လျော့ကျလာခဲ့ပေမဲ့ ဂျပန်နိုင်ငံကို ရောက်ရှိလာသူတွေထဲမှာ လေဆိပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်ဟာ သိသိသာသာ တိုးလာနေတယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက တွေ့ရှိခဲ့ပါတယ်။
ဂျပန်မှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းခဲ့တဲ့ မေလ ၂၅ ရက်နေ့က စပြီး ဗုဒ္ဓဟူးနေ့အထိ လေဆိပ် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အတည်ပြုခဲ့သူပေါင်း ၁၃၁ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒီအရေအတွက်ဟာ ကြေညာချက် မရုပ်သိမ်းခင် တစ်လတုန်းကထက် လေးဆပိုများနေတာ ဖြစ်ပါတယ်။ ၁၃၁ ဦးထဲမှာ ၇၀ရာခိုင်နှုန်းကျော်ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းလိုက်တာကနေ အခုလို အရေအတွက် တိုးလာရတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သံသယ ရှိနေပါတယ်။
တခြားနိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ပိုး ပျံ့ပွားနေတဲ့အတွက်ကြောင့် နေထိုင်ခွင့်ဗီဇာ ရှိသူတွေအပါအဝင် ဂျပန်ကို ဝင်လာသူတွေ တိုးလာတာကလည်း တခြား အကြောင်းရင်း တစ်ခုဖြစ်နိုင်တယ်လို့ သူတို့က ဆိုပါတယ်။ကူးစက်မှုအနေအထား မဆိုးရွားတဲ့ နိုင်ငံတွေက စီးပွားရေးသမားတွေအပေါ်မှာပဲ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။
တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၄၈ဦး ကြာသပတေးနေ့မှာ အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရာရှိတွေက ဆိုပါတယ်။တိုကျိုမှာ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသူပေါင်း ၅၉၄၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက တိုကျိုမှာ ကူးစက်ခံရသူအသစ် ၅၅ ဦး ရှိခဲ့တယ်လို့ သိရပြီး မေလ ၂၅ ရက်နေ့မှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းခဲ့တဲ့နောက်ပိုင်း တစ်နေ့တာအတွက် အများဆုံး အရေအတွက် ဖြစ်ခဲ့ပါတယ်။