ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ကုမ္ပဏီ ၅၀၀ နီးပါး ဒေဝါလီခံ

September 7, 2020 at 6:28 PM

ဖေဖော်ဝါရီလမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပထမဆုံး ကူးစက်မှုစတင်နေပြီလို့ အခိုင်အမာသိရှိပြီးနောက်ပိုင်း ဒေဝါလီခံတဲ့ ကုမ္ပဏီပေါင်း ၅၀၀ နီးပါး ရှိလာခဲ့တယ်လို့ ဂျပန်စီးပွားရေးလုပ်ငန်းတွေကို ကောက်ယူတဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြနေပါတယ်။

ချေးငွေသုတေသနလုပ်ငန်းကုမ္ပဏီဖြစ်တဲ့ Teikoku Databank က ဒေဝါလီခံတဲ့စာရင်းထဲမှာ ပြီးခဲ့တဲ့သောကြာနေ့အထိ ကုမ္ပဏီ ၄၈၉ ခု ရှိလာခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ ဒေဝါလီခံဖို့အတွက် စာရင်းပေးသွင်းထားတဲ့ကုမ္ပဏီတွေ ဒါမှမဟုတ် လုပ်ငန်းတွေရပ်ဆိုင်းထားပြီး ဥပဒေကြောင်းအရ ကုမ္ပဏီပိုင်ပစ္စည်းတွေကို ထုခွဲရောင်းချဖို့ ပြင်ဆင်နေတာတွေ စလုပ်နေတဲ့ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ကုမ္ပဏီအများစုဟာ စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်တွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဟိုတယ်နဲ့တည်းခိုခန်းလုပ်ငန်းတွေ၊ အဝတ်အစားလက်လီအရောင်းဆိုင်တွေ ဖြစ်ပါတယ်။
နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tokyo Shoko Research ကလည်း ဇူလိုင်လကနေ သြဂုတ်လအထိ အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
တုံ့ပြန်ဖြေကြားကြတဲ့ကုမ္ပဏီတွေရဲ့ ၈.၅ ရာခိုင်နှုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေ မပြီးသေးဘူးဆိုရင်တော့ သူတို့အနေနဲ့ လုပ်ငန်းတွေရပ်ထားရဖို့ ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံတစ်ဝန်းလုံးမှာ အသေးစားနဲ့ အလတ်စားကုမ္ပဏီ ၃.၆ သန်းနီးပါးလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီကုမ္ပဏီတွေထဲက လုပ်ငန်းပေါင်း ၃ သိန်းကျော်ဟာ ပိတ်သိမ်းရမယ့် အန္တရာယ်ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

SOURCE – Kyodo News