Avigan ဆေးဝါး သုတေသနကို ပိုမိုလုပ်ဆောင်ရန် လိုအပ်လာ

May 20, 2020 at 7:12 PM

Avigan ဆေးကို COVID-19 ကူးစက် လူနာတွေကို ကုသဖို့ ထိရောက်တဲ့ ဆေးဝါးအဖြစ် သတ်မှတ်ဖို့ အတွက် စောလွန်းသေးကြောင်း Avigan ဆေးဝါးနဲ့ လက်တွေ့ကုသ စမ်းသပ်မှုတွေကို အကဲဖြတ်နေတဲ့ ဂျပန်နိုင်ငံက လွတ်လပ်တဲ့ ကြားခံ ကော်မတီက ပြောတယ်လို့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
Avigan ဆေးဟာ ဂျပန်ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်ထားတဲ့ တုပ်ကွေးရောဂါ ကုသဆေးတစ်မျိုး ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ မပြင်းထန်သူ ဒါမှမဟုတ် ရောဂါလက္ခဏာ မပြသူ ၈၆ဦးကို အဲဒီ ဆေးနဲ့ လက်တွေ့ စမ်းသပ်ကုသမှုတွေ ပြုလုပ်နေပါတယ်။ သူတို့ကို အုပ်စု ၂စု ခွဲခဲ့ပါတယ်။ အုပ်စုတစ်စုကိုတော့ ဆေးရုံတက်တဲ့နေ့ကစပြီး ၁၀ ရက်အထိ Avigan ဆေးကို ပေးပြီး ကုသခဲ့ပါတယ်။ နောက်တစ်အုပ်စုကတော့ ၆ရက်မြောက်နေ့ က စပြီး ဒီဆေးနဲ့ ကုသခဲ့ပါတယ်။ ၆ရက်မြောက်နေ့မှာ ဗိုင်းရပ်စ်ပိုး လျော့နည်းမှု ရှိသလားဆိုတာကို ထို အုပ်စု ၂စု ကို နှိုင်းယှဉ် ပြီး သုတေသီတွေက လေ့လာ လျက်ရှိပြီး လက်တွေ့ စမ်းသပ်မှုတွေကို ကြားခံ ကော်မတီက အကဲဖြတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
လူ ၄၀ လောက်ကို ကာလဝက် ကုသကြည့်တဲ့ ရလဒ်တွေကို အဲဒီ ကော်မတီက ဆန်းစစ်ခဲ့ပြီး Avigan ဆေးရဲ့ ထိရောက်မှုကို အကဲဖြတ်ဖို့ အတွက် သုတသနတွေ ဆက်လုပ်ဖို့ လိုအပ်တယ်လို့ ကောက်ချက်ချခဲ့ကြောင်း အဲဒီစမ်းသပ်ကုသမှုနဲ့ ဆက်စပ်တဲ့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
အခုလမှာ Avigan ဆေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကုသဆေးအဖြစ် အတည်ပြုနိုင်ရေးအတွက် အဲဒီ လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ လက်တွေ့စမ်းသပ်မှုတွေအရ အဲဒီဆေးဟာ ထိရောက်မှုရှိတယ်လို့ မတ်လမှာ ကြေညာခဲ့ပါတယ်။ SOURCE – NHK