ဂျပန်တွင် အရေးပေါ်အခြေအနေ ဆက်လက်တိုးချဲ့နိုင်ဖွယ်ရှိ

May 23, 2021 at 1:34 PM

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က မြို့တော်အတွင်း စနေနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၀၂ ဦး ရှိတာကို အတည်ပြုခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကနဲ့ ယှဉ်ကြည့်ရင် ၁၇၀ လျော့ကျလာခဲ့ ပါတယ်။ တစ်နေ့တာကူးစက်မှုအသစ်ကို သီတင်းပတ်အလိုက် ကြည့်ရင် ၉ ရက်ဆက်တိုက် ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ စိုးရိမ်ရသူ ၆၂ ဦးရှိပြီး သောကြာနေ့ကထက် ၃ ဦး လျော့နည်းခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ COVID-19 စိုးရိမ်လူနာအရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

လူနာ ၁၃၀၃ ဦးဟာ အသက်ရှူစက်တပ်ဆင်ထားရတယ် ဒါမှမဟုတ် အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရတယ်လို့ ဆိုလိုက်ပြီး သောကြာနေ့ကထက် ၉ ဦး ပိုလာခဲ့ပါတယ်။ သောကြာနေ့မှာ ၁၂၉၄ ဦး ရှိခဲ့တယ်ဆိုပြီး အမြင့်ဆုံးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက်ကို မေလ ၃၁ ရက်မှာ အဆုံးသတ်ဖို့ စီစဉ်ထားပေမဲ့ ဂျပန်အစိုးရက ဆက်လက်တိုးချဲ့ဖို့ချိန်ဆနေပါတယ်။

အဲဒီအရေးပေါ်အခြေအနေကြေညာချက်ဟာ တိုကျိုနဲ့ အိုစာကာ အပါအဝင် ခရိုင် ၉ ခုမှာ လောလောဆယ် အသက်ဝင်နေပါတယ်။
ဝန်ကြီးချုပ် Suga Yoshihide က အစိုးရဟာ လာမယ့်သီတင်းပတ်ထဲမှာ ကူးစက်မှုအခြေအနေကို လေ့လာမယ်ဆိုတာနဲ့ သက်တမ်းတိုးချဲ့မလားဆိုတာ လမကုန်ခင်မှာ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ဖြစ်နိုင်သမျှဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်ဖို့ဟာ အရေးကြီးတယ်ဆိုတာ မစ္စတာ Suga က ထပ်မံအလေးပေးပြောကြားခဲ့ပါတယ်။
အရေးပေါ်အခြေအနေကို အိုကီနာဝါခရိုင်မှာ တနင်္ဂနွေနေ့ကျရင် ကျင့်သုံးမှာဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
ခရိုင် ၉ ခုအတွက် အရေးပေါ်အခြေအနေကြေညာထားချက်ကို ဇွန်လ ၂၀ ရက်နေ့အထိ တိုးချဲ့ဖို့ အစိုးရအဖွဲ့အတွင်းရှိတစ်ချို့က အရိပ်အမြွက်ပြောနေခဲ့ကြပါတယ်။ မေလ ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကို အဆုံးသတ်ဖို့အထိ ကူးစက်မှု အနေအထားဟာ သိသိသာသာကျဆင်းလာတာမျိုးမရှိဘူးလို့ သူတို့က ပြောပါတယ်။

Tags: