ခိတကျူးရှူးမှ ကျောင်းသားလေးများတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိ

June 1, 2020 at 6:49 PM

ဂျပန်အနောက်တောင်ပိုင်းက Kitakyushu မြို့မှာ ရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းက ကလေးတွေထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်နေတာ စစ်ဆေးတွေ့ ရှိရတယ် လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

မြို့ရဲ့ Kokura-minami အရပ်မှာရှိတဲ့ မိုရိဆုနဲ Moritsune မူလတန်းကျောင်းက ကလေး ၄ ဦးအပါအဝင် အတည်ပြုနိုင်ခဲ့တဲ့ ကူးစက်ခံရမှု ၁၂ မှုရှိတယ်လို့ Kitakyushu အရာရှိတွေက ပြောပါတယ်။ အဲဒီကလေး ၄ ဦးရဲ့ အတန်းဖော်တစ်ဦး ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တွေ့ရှိခဲ့ပါတယ်။
အဲဒီမြို့ထဲမှာရှိတဲ့ နောက်ထပ် မူလတန်းနဲ့ အလယ်တန်းကျောင်း ၃ ကျောင်းက ကျောင်းသားတချို့မှာလည်း ဗိုင်းရပ်စ်ပိုးရှိတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် အဲဒီကျောင်းတွေကို ယာယီပိတ် ထားလိုက်ပါပြီ။
ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်အပူချိန်တွေကို အသေးစိတ်စစ်ဆေးဖို့ ခိတကျူးရှူးမြို့ ပညာရေးကောင်စီဘုတ်အဖွဲ့ က မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။
မြို့အုပ်ချုပ်ရေးအဖွဲ့ အရာရှိတစ်ဦးက ဘယ်သူမဆို ကူးစက်ခံရနိုင်ဖွယ် ရှိတာကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ ကလေးတွေကို ခွဲခြားဆက်ဆံခံရတာ ဒါမှမဟုတ် အနိုင်ကျင့်ခံရတာမျိုးကနေ အကာအကွယ်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၉ ရက်အတွင်း ခိတကျူးရှူးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပေါင်း ၉၇ မှုအထိ တိုးလာခဲ့ပါတယ်။ အဲဒီအထဲမှာ ဘယ်ကနေ ကူးစက်ခံခဲ့ရသလဲဆိုတာကို နောက်ယောင်ခံလိုက်လို့ မရတာ ၃၄ မှုရှိပါတယ်။
Fukuoka ခရိုင်အုပ်ချုပ်ရေးမှူး Ogawa Hiroshi က ကိုရိုနာဗိုင်းရပ်စ်အတွက် ပဋိပစ္စည်းစမ်းသပ်တဲ့ကိရိယာ တွေကို Kitakyushuကို ဦးစားပေး ပို့ပေးဖို့ ကျန်းမာရေးဝန်ကြီးကို စနေနေ့က တောင်းဆိုခဲ့ပါတယ်။ အဲဒီ ကိရိယာတွေကို Kitakyushuရှိ ဒေသန္တရဆေးရုံ တွေကို ထောက်ပံ့ပေး သွားမှာဖြစ်ပါတယ်။
SOURCE – NHK