ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ဂျပန်က ၉၀ ရာခိုင်နှုန်း လျှော့ချဖို့ရှိ

July 2, 2020 at 6:44 PM

၂၀၃၀ ဘဏ္ဍာရေးနှစ်အတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်းလောက် လျှော့ချဖို့အတွက် ဂျပန်အစိုးရက စီစဉ်နေပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အကြီးအကျယ် ထုတ်လွှတ်မှုတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ပြန်လည်သုံးသပ် လာနေပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ၂၀၁၅ ပဲရစ်သဘောတူညီချက်အရ ကာဗွန်ဒိုင်အောက်ဆိုက် ကင်းစင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်အောင်လုပ်ဆောင်ဖို့ နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဂျပန့်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၃၁ ရာခိုင်နှုန်းဟာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကနေ ရရှိခဲ့ပါတယ်။
အစိုးရအနေနဲ့ ကျောက်မီးသွေးက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားပမာဏကို ကန့်သတ်ဖို့နဲ့ ခေတ်နဲ့ မလျော်ညီတော့တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။
လျှော့ချဖို့ ရည်မှန်းထားတာရဲ့ ၉၀ ရာခိုင်နှုန်း အထိ ရောက်ရှိဖို့အတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံဟောင်း ၁၀၀ လောက်ကို ပိတ်သိမ်းရမှာ ဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ နည်းနည်းပဲ ထုတ်ပြီး ထိရောက်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကို ဆောက်လုပ်ခွင့်ပြုဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်မှုကို ရှောင်ကြဉ်နိုင်တဲ့ မူဝါဒသစ်ကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးနိုင်ဖို့အတွက် လမ်းပြမြေပုံတစ်ခုကို ရေးဆွဲဖို့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲတစ်ခု လုပ်နိုင်ရေး အစိုးရက စီစဉ်မှာ ဖြစ်ပါတယ်။

Tags: