ဇာတိရပ်ရွာ အလည်ပြန်တဲ့ ခရီးစဉ်ဆိုင်ရာ လမ်းညွှန်ချက်တွေ ချမှတ်ဖို့ ဂျပန်အစိုးရ စီစဉ်

August 5, 2020 at 10:08 AM

အခုအချိန်ဟာ ဂျပန်နိုင်ငံမှာ နွေရာသီအားလပ်ရက်တွေဖြစ်ပြီး လူအတော်များများ မွေးရပ်မြေနဲ့ မိသားစုတွေရှိရာကို သွားရောက်လည်ပတ်ကြပါတယ်။ လာမယ့်သီတင်းပတ် “bon” အားလပ်ရက် မတိုင်ခင် ခရီးသွားတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီးရေး လမ်းညွှန်ချက်တွေကို ချမှတ်ဖို့ အစိုးရက စီစဉ်နေပါတယ်။

မြို့ပြဧရိယာမှာ နေထိုင်တဲ့ သူတွေက မြို့ငယ်လေးတွေမှာနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ သွားတဲ့အခါ အဲဒီလို လာတဲ့လူတွေကဆီကနေ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနိုင်တယ်ဆိုပြီး တချို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သူတွေက စိုးရိမ်နေကြပါတယ်။
ဒါပေမဲ့ ဗဟိုအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ ကြိုးစားနေရင်းနဲ့ ခရီးသွားလုပ်ငန်း လှုံ့ဆော်ရေးနဲ့ လူမှုရေးနဲ့ စီးပွားရေး လည်ပတ်မှုတွေကို တဖြည်းဖြည်း ပြန်စတင် နေပါတယ်။
အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Suga Yoshihide က တနင်္လာနေ့က ပြောကြားရာမှာတော့ အစိုးရအနေနဲ့ အားလပ်ရက်တွေအတွင်း ခရိုင်ကျော်ပြီး သွားရောက် လည်ပတ်ကြမယ့်သူတွေ အားလုံးကို တားဆီးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးဆိုင်ရာ တာဝန်ခံဝန်ကြီး Nishimura Yasutoshi က လုံလောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားမယ်ဆိုရင် ခရီးထွက်စရာနေရာတွေကို မိသားစုလိုက် အလည်အပတ် သွားရာမှာ ပြဿနာ မရှိနိုင်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အထူးသဖြင့် မိသားစုတွေထဲမှာ သက်ကြီးရွယ်အိုတွေပါရင်တော့ အစားအစာ စားသောက်နေစဉ်အတွင်း လွင့်စင်ထွက်လာနိုင်တဲ့ အရည်အစက်တွေကို အထူးသတိထားကာကွယ်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
မိမိတို့ရဲ့ ဇာတိမြေကို သွားရောက်လည်ပတ်ချိန်အတွင်းမှာ ပြည်သူတွေ အနေနဲ့ ဘယ်လို အစီအမံတွေ လုပ်သင့်သလဲဆိုတာကို ဆွေးနွေးဖို့အတွက် အခုသီတင်းပတ်ထဲမှာ ကျွမ်းကျင်သူအဖွဲ့ရဲ့ အစည်းအဝေးတစ်ခု ကျင်းပဖို့ အစိုးရတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

SOURCE – Asahi Shibun