Corona Virus ကူးစက်မှုနှုန်း ဂျပန် ရဲတပ်ဖွဲ့အတွင်း လျင်မြန်စွာ ပျံ့နှံ့ လျက်ရှိ

May 2, 2020 at 9:24 AM

ပြင်သစ်နိုင်ငံမှာ ပထမဆုံး ရဲတပ်ဖွဲ့ဝင် တစ်ဦး Covid-19 ရောဂါ ဖြင့် မတ်လ ၂၆ ရက်နေ့မှာ သေဆုံးခဲ့ပြီး ပြင်သစ်နိုင်ငံအတွင်း Corona Virus ကူးစက်ခံစားနေရသူ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၅၁ ဦး ခန့် ရှိတယ်လို့ သိရပါတယ်။ စပိန်နိုင်ငံမှာတော့ ရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော် ခန့် Covid-19 ရောဂါ ကူးစက်ခံစားနေရလျက်ရှိပါတယ်။
အမေရိကန်နိုင်ငံကလည်း ထိုနည်းတူ ကူးစက်မှုမျိုးကို ကြုံတွေ့နေရလျက်ရှိပြီး ဧပြီလ ၆ ရက်နေ့မှာ New York ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးအနေနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၄၀၀ ကျော် Covid-19 ရောဂါ ကူးစက်ခံစားနေရတယ်လို့ သိရပါတယ်။ တောင်အမေရိကတိုက်မှာ ရှိတဲ့ Peru နိုင်ငံမှာ ယခုလက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး Covid-19 ရောဂါ ကြောင့် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အလားတူ ဂျပန်နိုင်ငံမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ Corona Virus ကူးစက် ခံခဲ့ရပါတယ်။ ဧပြီလ ၂၅ ရက်နေ့မှာ ရေးသားခဲ့တဲ့ Nikkan Gendai သတင်းအရ ဧပြီလ ၂၂ ရက်နေ့ အထိ အမျိုးသားရဲတပ်ဖွဲ့ဝင် 73 ဦးခန့် Corona Virus ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ ဧပြီလ ၂၅ ရက်နေ့မှာပဲ 42 နှစ်အရွယ်ရှိ ယာဉ်ထိန်းရဲအရာရှိ တစ်ဦး မှာ Corona Virus တွေ့ရှိ ခဲ့ရတာကြောင့် စုစု ပေါင်း ဂျပန်နိုင်ငံမှာ အမျိုးသားရဲတပ်ဖွဲ့ဝင် ၇၄ ဦး Covid-19 ရောဂါ ကူးစက်ခံစားနေရလျက်ရှိကြောင်းသိရပါတယ်။ အဆိုပါ ၇၄ ဦးအနက် ၂၂ ဦးမှာ အရာရှိများ သို့မဟုတ် Tokyo မြို့တော်က အရပ်ဘက် ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင် အရေအတွက် လျော့ကျ သွားမှုက ပြည်သူလူထုလုံခြုံရေးနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရက စိုးရိမ်ပူပန်လျက်ရှိပါတယ်။
ပြည်သူလူထုလုံခြုံရေး ရှိစေရန် ရဲတပ်ဖွဲ့ဝင်များက ရောဂါပိုးကို ရှောင်ရှားလို့မရနိုင်တဲ့ အခြေအနေ အနေထားမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကူးစက်ခံခဲ့ရခြင်းပဲဖြစ်ပါတယ်။ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း လူ များများ သေ လေ ရဲတပ်ဖွဲ့ဝင်များက ရောဂါပိုးကူးစက်ထားတဲ့ အလောင်းများနဲ့ ထိတွေ့ရလေလေပဲဖြစ်ပါတယ်။ မတ်လ မှ ဧပြီလ ၂၃ ရက်နေ့အထိ စီရင်စု ငါးခု တွင် Corona Virus ကူးစက်ခံထားရတဲ့ အလောင်း ၁၅ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
SOURCE – The Asahi Shibum