ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု တိုးတက်

May 24, 2020 at 8:33 PM

ဂျပန် နိုင်ငံရဲ့ အဓိက ဆေးကုမ္ပဏီကြီးတွေ၊ စွန့်ဦးတီထွင်တဲ့ လုပ်ငန်း တွေ နဲ့ တက္ကသိုလ်တွေအပါအဝင် သုတေသန အဖွဲ့အစည်းတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။

ကာကွယ်ဆေးထုတ်ဖို့အတွက် ဆေးကုမ္ပဏီတွေက ဦးဆောင် ပြီးလုပ်နေတဲ့ သုတေသန ၄ခု နဲ့ သုတေသန အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လုပ်တဲ့ သုတေသန ၅ခုကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇ သန်းလောက် ထောက်ပံ့ငွေ ပေးဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီကာကွယ်ဆေးအတွက် လူမှာ စမ်းသပ် ကုသမှုကို အစောဆုံး ဒီနွေရာသီမှာ စတင်ဖို့ မျှော်လင့်ထားပါတယ်။
ကာကွယ်ဆေးကို ထုတ်တဲ့အခါမှာ ကြက်ဥတွေနဲ့ တိရစ္ဆာန်ရဲ့ ဆဲလ်တွေကို အသုံးပြုပြီး ဗိုင်းရပ်စ် ရောဂါပိုးကို မွေးမြူပါတယ်။ အဲဒီနောက် အဲဒီဗိုင်းရပ်စ်ရဲ့ ရောဂါဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားလျော့နည်းအောင်လုပ်ပြီးမှ ကာကွယ်ဆေးကို ထုတ်လုပ်ပါတယ်။
ဗိုင်းရပ်စ် ရောဂါပိုးကို မွေးမြူပြီး ကာကွယ်ဆေး ထုတ်တာကြောင့် သတ်မှတ်ချက် အဆင့်အတန်းမြင့်မား ပြီး ဘေးကင်းလုံခြုံတဲ့ ပစ္စည်းတွေနဲ့ ပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲစမ်းသပ်မှုတွေကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်မျိုးကို အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ အချိန် ၁နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး ကြာတတ်ပါတယ်။
ဒါပေမဲ့ အခု ကိုရိုနာဗိုင်းရပ်စ် မျိုးသစ် အတွက် ကာကွယ်ဆေးတီထွင် ဖို့ ကိုတော့ အချိန်တိုတိုနဲ့ ထုတ်လုပ်နိုင် ဖို့အတွက် သုတေသီတွေဟာ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇ အစိတ်အပိုင်းတစ်ခု ကို အသုံးပြုတာ ဒါမှမဟုတ် ကိုယ်ခံစွမ်းအားက တုံ့ပြန်လာစေတဲ့ ပဋိပစ္စည်းကို ထုတ်လုပ်ဖို့ antigen လို့ခေါ်တဲ့ လူလုပ် ပရိုတိန်း တစ်မျိုးကို အသုံးပြုတာ စတဲ့ နည်းပညာ အသစ်တွေနဲ့ ကြိုးစား ဆောင်ရွက် နေကြပါတယ်။
SOURCE – NHK