ဂျပန်တစ်လွှားမှာ ရောဂါပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာအရေအတွက် စံချိန်တင်

May 14, 2021 at 9:45 AM

ဂျပန်တစ်လွှားမှာ ရောဂါပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာအရေအတွက်ဟာ စံချိန်တင်အောင် မြင့်တက်ခဲ့ပြီး ၁,၂၁၄ ဦးရှိတယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီအရေအတွက်မှာ အသက်ရှုစက်တပ်ဆင်ထားရသူတွေနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရသူတွေလည်း ပါဝင်ပါတယ်။
အရင် စံချိန်ဟောင်းကတော့ ဗုဒ္ဓဟူးနေ့က ၁,၁၈၉ ဦး ဖြစ်ပါတယ်။

ဂျပန် မြောက်ဖက်စွန်း ဟော့ကိုင်းဒိုးခရိုင်က Sapporo မြို့မှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၄၉၉ ဦး ရှိခဲ့ပြီး တစ်နေ့တာ အရေအတွက် စံချိန်သစ်တင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့တဲ့ ၃၅၂ ဦးကို ကျော်လွန်သွားခဲ့ပါတယ်။
ဟော့ကိုင်းဒိုးခရိုင်တစ်ခုလုံးအနေနဲ့ ကြာသပတေးနေ့မှာ ကူးစက်ခံရသူအသစ် ၇၁၂ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့ရဲ့ ၅၂၉ ဦးထက် များနေတာ ဖြစ်ပါတယ်။
အခုလို အကြီးအကျယ် ကူးစက်မှု ပျံ့ပွားနေတာဟာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံး ဝန်ပိမယ့် အန္တရာယ်ရှိနေတယ်လို့ဆိုပြီး အရေးပေါ်အခြေအနေ ကြေညာပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုရေး ဟော့ကိုင်းဒိုး ခရိုင်အုပ်ချုပ်ရေးအဖွဲ့က စဉ်းစားနေပါတယ်။
တနင်္ဂနွေနေ့က စတင်ကျင့်သုံးနေတဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်ချက် ကျင့်သုံးတဲ့ ဧရိယာတွေထဲမှာ Sapporo ပတ်ဝန်းကျင်က Otaru နဲ့ Asahikawa မြို့တွေ၊ Ishikari ဒေသတွေကို ထည့်သွင်းဖို့ကိုလည်း စီစဉ်နေပါတယ်။
ဟော့ကိုင်ဒိုး တစ်လွှားက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနေပါတယ်။

တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၀၁၀ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ ဒါဟာ အရင်သီတင်းပတ်ကထက် ၄၁၉ ဦး တိုးလာတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နောက်ပိုင်း တိုကျိုမှာ တစ်နေ့တာ အရေအတွက် ပထမဦးဆုံး ထောင်ကျော်တာ ဖြစ်ပါတယ်။ အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၅၀,၀၇၁ ဦး ရှိသွားပြီဖြစ်ပါတယ်။
ရောဂါပြင်းထန်တဲ့ လူနာအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့ကထက် ၂ ဦးလျော့နည်းပြီး ၈၄ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။