ဟော့ကိုင်းဒိုး ကိုဗစ်သင်ခန်းစာ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်၊ ရှာဖွေနိုင်၊ ခွဲထုတ်နိုင်ပြီး ရောဂါကူးစက်သူ အရေအတွက်ကို အကြီးအကျယ် လျှော့ချပေးနိုင်ခဲ့တဲ့အတွက် အောင်မြင်တဲ့ဇာတ်လမ်းတပုဒ်အဖြစ် လူတွေက ရှုမြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ ဟော့ကိုင်းဒိုးမှာ ဒုတိယအကျော့ ကူးစက်ပြန့်ပွားမှုတွေ ဖြစ်လာတဲ့ အတွက် လူတွေရဲ့ အာရုံစူးစိုက်စရာ ဖြစ်လာပြန်ပါပြီ။

အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် Sapporo ရှိ သတင်းစာရှင်းလင်းပွဲတွင် Hokkaido အုပ်ချုပ်ရေးမှု Naomichi Suzuki အားတွေ့ရစဉ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ဟော့ကိုင်းဒိုးကို ကိုဗစ်-၁၉ ကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ ဂျပန်မှာ ပထမဆုံး ကြေညာခဲ့ရတဲ့ ကျွန်းစုဖြစ်ပါတယ်။

ကျောင်းတွေပိတ်၊ လူစုလူဝေး တားမြစ်ရုံမက လူတွေကို ကိုယ့်အိမ်ကိုယ် နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။နယ်မြေအစိုးရအဖွဲ့တွေဟာ ဗိုင်းရပ်စ်ကို သဲကြီးမဲကြီး နောက်ယောင်ခံခဲ့သလို၊ ပိုးတွေ့သူနဲ့ ထိတွေ့ဆက်စပ်သူမှန်သမျှကို သီးခြားခွဲထုတ် နေထိုင်စေခဲ့ပါတယ်။

ဟော့ကိုင်းဒိုးရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး မူဝါဒဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ မတ်လလယ်လောက်ရောက်တော့ အသစ်ကူးစက်မှု အရေအတွက်ဟာ တရက်ကို ၁ ယောက် ၂ ယောက်လောက် အထိ သိသိသာသာ ထိုးကျသွားပါတယ်။

မတ်လ ၁၉ ရက်နေ့မှာ အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းခဲ့ပြီး ဧပြီလဆန်းမှာ ကျောင်းတွေ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ၂၆ ရက်အကြာမှာ ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ပြန်ကြေညာလိုက်ရပါပြီ။

အောင်မြင်တဲ့ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့ပေမယ့်

ပြီးခဲ့တဲ့အပတ်က ဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ စုစုပေါင်း ၁၃၅ ယောက် ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ပထမအကျော့ ကူးစက်မှုဖြစ်တုန်းကလို ပြင်ပက ကူးစက်လာကြတာတွေ မဟုတ်ပါဘူး။

အခုကူးစက်သူတွေဟာ နိုင်ငံခြားသား မဟုတ်ကြသလို၊ တလအတွင်းမှာ နိုင်ငံခြားခရီးထွက်ဖူးသူတွေလည်း မဟုတ်ကြပါဘူး။

ဟော့ကိုင်းဒိုးဖြစ်ရပ်ကဘာသင်ခန်းစာရပါသလဲ

ပထမသင်ခန်းစာကတော့ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ရင် စောစောစီးစီးထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ။

“အပိုင်းလေးတွေခွဲပြီး ကိုင်တွယ်ထိန်းချုပ်တာဟာ ရောဂါကူးစက်မှုကိုနောက်ယောင်ခံဖို့၊ သီးခြားခွဲထုတ်ဖို့အတွက် လွယ်ကူပါတယ်” လို့လန်ဒန် ကင်းကောလိပ်က ပါမောက္ခ ကန်ဂျိရှီဘူယက ပြောပါတယ်။

အပိုင်းခွဲ ထိန်းချုပ်တဲ့ဗျူဟာဟာ ဟော့ကိုင်းဒိုးမှာ အောင်မြင်ခဲ့ပါတယ်။ ဂျပန်ဟာ ကပ်ဘေးကနေ စောစောစီးစီး နာလန်ထလာခဲ့တဲ့ နိုင်ငံတနိုင်ငံပါ။ သူ့နည်းသူ့ဟန်နဲ့ ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုရခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ။

ဟော့ကိုင်းဒိုးမှာ ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံဟာ တောင်ကိုရီးယား ဒေဂူးမြို့မှာ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ခပ်ဆင်ဆင်တူပါတယ်။

တောင်ကိုရီးယားမှာ ရောဂါစပြီးသယ်လာတဲ့ ဘာသာရေးအစုအဖွဲ့ဝင်တွေနောက်ကို သဲကြီးမဲကြီး နောက်ယောင်ခံခဲ့ပါတယ်။ ကူးစက်သူမှန်သမျှ သီးခြားခွဲထုတ်တဲ့နည်းနဲ့ ရောဂါကူးစက်မှုကို နှိမ်နင်းခဲ့ပါတယ်။

ဟော့ကိုင်းဒိုး ဒုတိယသင်ခန်းစာကတော့ သိပ်အားတက်စရာမဟုတ်ပါဘူး။

ဒေဂူးမှာက ပိုးရှိသူတွေကို ရှာဖွေခွဲထုတ်ပြီးတဲ့နောက်မှာ ရှာဖွေမှုတွေကို အကြီးအကျယ် ဆက်လုပ်ခဲ့ပါတယ်။ ပမာဏ အမြောက်အမြား စမ်းသပ်စစ်ဆေးတဲ့နည်းကို အသုံးပြုပြီး ကပ်ဘေးကိုထိန်းချုပ်ခဲ့ပါတယ်။ ဒီနေရာမှာတော့ ဂျပန်လုပ်ရပ်က တောင်ကိုရီးယားနဲ့ ဆန့်ကျင်ဘက်ပါ။

အခုဆိုရင်ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်စတွေ့တာ ၃ လကျော်ကြာပါပြီ။ ဒါတောင်မှ စမ်းသပ်စစ်ဆေးတဲ့ပမာဏက သိပ်နည်းလွန်းလှပါသေးတယ်။

စောစောပိုင်းတုန်းကဆိုရင် အကြီးအကျယ် ရောဂါရှာဖွေစစ်ဆေးတာဟာ ငွေကုန်လူပန်း လုပ်ရပ်ပဲလို့တောင် ပစ်ပစ်ခါခါ ပြောခဲ့သေးတာပါ။ ဒါပေမယ့် အခုတော့ လေသံနည်းနည်း လျှော့လာပါပြီ။ စမ်းသပ်မှုတွေ တိုးလုပ်မယ်လို့ ပြောလာပါပြီ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေဆဲဖြစ်ပါတယ်။

ပထမတော့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဘာကိုစိုးရိမ်သလဲဆိုရင် ဆေးရုံပေါ်မှာရောဂါလက္ခဏာ နည်းနည်းလောက်ပဲပြတဲ့လူတွေနဲ့ ပြည့်သွားမှာကိုစိုးရိမ်ပါတယ်။

နောက်တချက်က အမြောက်အမြား စစ်ဆေးမယ်ဆိုရင် ဆေးစစ်တဲ့အလုပ်ကို ဗဟိုအဆင့်ကကိုင်တွယ်ရုံနဲ့ မလုံလောက်ဘဲ နယ်မြေအဆင့် ကျန်းမာရေးဌာနတွေက လုပ်မှရမှာပါ။

နယ်မြေကျန်းမာရေးဌာနတွေမှာက အမြောက်အမြား ဆေးစစ်တာတွေကို လုပ်ဖို့ ဝန်ထမ်းနဲ့ပစ္စည်းကိရိယာ မလုံလောက်ပါဘူး။ ကျန်းမာရေးဌာနရဲ့ အရေးပေါ်တယ်လီဖုန်းလိုင်းတွေဟာလည်း အမြဲတမ်း လိုင်းကျပ်နေပါတယ်။ ဆရာဝန်နဲ့ တွေ့ခွင့်ရဖို့တောင် အင်မတန် ခက်ခဲပါတယ်။

ဒါ့ကြောင့် ဂျပန်ရဲ့ ကိုရိုနာတိုက်ဖျက်ရေး ဗျူဟာဟာ အမြောက်အမြား ဆေးစစ်တဲ့နည်းအပေါ် အခြေခံမထားဘူး။ ဆိုးကျိုးကဘာလဲဆိုတော့ ဗိုင်းရပ်ဟာ ပြည်သူလူထုအကြားမှာ ဘယ်သို့ဘယ်ပုံ ကူးစက်ပျံ့နှံ့ရွေ့လျားသွားသလဲဆိုတာကို စီမံခန့်ခွဲသူတွေက မသိနိုင်ကြတော့တာပါပဲလို့ ပါမောက္ခရှီဘူယက ဆိုပါတယ်။

“ရောဂါဘေးကြီးရဲ့ ပေါက်ကွဲထွက်လုလု အလယ်ပိုင်းကာလကို ကျွန်တော်တို့ ဖြတ်သန်းနေရပါတယ်” လို့လည်း သူက ပြောပါတယ်။

“ဟော့ကိုင်းဒိုးက ပေးတဲ့သင်ခန်းစာက ဘာလဲဆိုတော့ ပထမအကျော့မှာရောဂါကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ရင်တောင် စမ်းသပ်စစ်ဆေးမှုတွေအများအပြား မလုပ်ခဲ့ရင် ရေရှည်မှာ သီးခြားခွဲထုတ်မှုတွေ ရောဂါထိန်းချုပ်ဟန့်တားမှုတွေ လုပ်ဖို့ခက်ခဲတယ်ဆိုတဲ့ သင်ခန်းစာပါပဲ။ စမ်းသပ်စစ်ဆေးမှုတွေ အများအပြား လုပ်မထားခဲ့တော့ ရပ်ကွက်ထဲမှာ ကူးတာနဲ့ ဆေးရုံက ကူးတာကို ခွဲခြားဖို့ ခက်လာပါတယ်။ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်က ကူးစက်တာများတယ် ဆိုတာကို တိတိကျကျပြောဖို့ ခက်လာပါတယ်” လို့လည်း သူကထောက်ပြပါတယ်။

ခရီးရှည်ချီတက်ပွဲ

တတိယသင်ခန်းစာအနေနဲ့ သိလိုက်ရတဲ့အချက်က ရင်ဆိုင်ကျော်လွှားရမယ့်ကာလဟာ လူတွေမှန်းထားတာထက် ပိုကြာမယ်ဆိုတဲ့အချက်ပါပဲ။

ဟော့ကိုင်းဒိုးမှာ ခုဆိုရင် အစစအရာရာ ပြန်တင်းကျပ် ကန့်သတ်လိုက်ပါပြီ။ ဂျပန်စတိုင် ပိတ်ဆို့မှုက တခြားနေရာတွေမှာထက်တော့ ပျော့ပျောင်းပါတယ်။ လူတော်တော်များများ အလုပ်သွားနေဆဲပါ။ ကျောင်းတွေကတော့ ပိတ်ထားပါပြီ။ စျေးဆိုင်တွေ၊ အရက်ဘားတွေတောင် ဖွင့်ထားဆဲပါ။

ဒါပေမဲ့ အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတော်တော်များများကိုတော့ ခရီးမသွားရဆိုပြီး အဝင်ရောအထွက်ပါ ပိတ်ထားပါတယ်။

ချိတို့စ်က လူတယောက်က သူ့ဘားကို အတင်းအပိတ်ခိုင်းခံရပြီး အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်ရတယ်လို့ ပြောပေမယ့် မြောက်ပိုင်းမြို့တွေဖြစ်တဲ့ အဆာဟိကာဝါ၊ နာအိုကီတာမူရတို့မှာတော့ ဘားတွေဖွင့်ထားဆဲပါ။ ဒါပေမယ့် ဖောက်သည်ကတော့ မလာသလောက် ဖြစ်သွားပါပြီ။

“တညမှ တယောက်၊နှစ်ယောက်ပဲ လာပါတော့တယ်”လို့ ဘားပိုင်ရှင်တယောက်က ပြောပြပါတယ်။ အရင်ကဆိုရင် တရုတ်နဲ့ အရှေ့တောင်အာရှက ခရီးသည်တွေကို မြင်နေကျပါ။ အခုတော့ တယောက်မှ မတွေ့ရတော့ပါဘူး။ လမ်းပေါ်မှာ နိုင်ငံခြား ဘာသာစကားပြောတာတောင် မကြားရတော့သလောက်ပါပဲ။ ခရီးသွားလုပ်ငန်းဟာ တော်တော်ရုန်းကန်နေရတဲ့အနေအထားပါပဲလို့လည်း ဆိုပါတယ်။

အသစ်ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေဟာ ဂျပန်တွေက ရွှေသီတင်းပတ်လို့ နာမည်ပေးထားတဲ့ အားလပ်ရက်ရာသီအစ မေလ ၆ ရက်နေ့မှာ ကုန်ဆုံးမှာပါ။

ဒါပေမဲ့ အောက်ခြေ ဒေသန္တရအရာရှိတယောက်ကတော့ ဒီတခါပိတ်ဆို့မှုဟာ ကြာချင်ကြာနိုင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လည်း တခြားမှာလိုပဲ လုပ်ကြရတော့မယ်လို့ ထင်ပါတယ်။ရည်မှန်းချက်က လူလူချင်း ထိတွေ့မှု နည်းရေး၊ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ဟန့်တားရေးပဲ ဖြစ်ရမှာပါ” လို့သူက ဆိုပါတယ်။ဒါဆိုဘယ်လောက်တောင်ကြာမှာပါလဲ။“ကာကွယ်ဆေးတွေ့တဲ့အထိဖြစ်ပါလိမ့်မယ်။” လို့သူကဆိုပါတယ်။ SOURCE – BBC

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်