ဂျပန်ကာကွယ်ရေးဝန်ကြီးက Yamaguchi ခရိုင် အုပ်ချုပ်ရေးမှူးကို တောင်းပန်

ဂျပန်အနောက်ဘက်ပိုင်းက Yamaguchi ခရိုင်မှာ
မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တစ်ခု ချထားရေး အစီအစဉ်တွေကို အစိုးရက ရပ်ဆိုင်းခဲ့ပြီး ရက်အနည်းငယ် ကြာပြီးတဲ့နောက် ဂျပန်ကာကွယ်ရေးဝန်ကြီး Kono Taro ဟာ အဲဒီ ခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးကို တောင်းပန်ခဲ့ပါတယ်။
Yamaguchi ခရိုင်ဟာ အမေရိကန်လုပ် Aegis Ashore စနစ် ကို လက်ခံချထားမယ့် ခရိုင်နှစ်ခုအနက် တစ်ခုဖြစ်ပါတယ်။ အချိန်အခါ ကိုက်ညီမှုမရှိတာ နဲ့ ကြီးကြီးမားမား ပြုပြင်မွမ်းမံဖို့အတွက် ကုန်ကျစရိတ်တို့ကြောင့် အဲဒီ အစီအစဉ်ကို ရပ်တန့်လိုက်ရတာ ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
Kono Taro က “ဘေးကင်းလုံခြုံရေးအတွက် အရေးပါတဲ့ ကြိုတင်သတ်မှတ်အခြေအနေ သင့်တင့်လျော်ကန်တဲ့ အတိုင်းအတာတစ်ခုကို သေချာပေါက် ရရှိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ဒီအစီအစဉ်ကို ဆိုင်းငံ့လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။
အဲဒီ စနစ်သစ် ချထားရေး အစီအစဉ်ဟာ ဒေသအတွင်း နေထိုင်သူတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိတဲ့ ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့ ယာမဂူချိခရိုင် အုပ်ချုပ်ရေးမှူး Muraoka Tsugumasa က ပြောပါတယ်။
အစိုးရက ပြဿနာတွေကို စောစောစီးစီး မရှင်းပြခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ် လို့လည်း Muraoka Tsugumasa က ပြောပါတယ်။
Kono Taro ဟာ ဒေါ်လာ ဘီလံယံပေါင်းများစွာ ကုန်ကျမယ့် အဲဒီ စနစ်ကို လက်ခံချထားမယ့် နောက်ထပ်ခရိုင်ဖြစ်တဲ့ ဂျပန် မြောက်ဘက်ပိုင်းက Akita ခရိုင်ကို ဇွန်လ ၂၁ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
SOURCE – Japan Times