စုံစမ်းစစ်ဆေးရေးအရာရှိများ နဲ့ သက်ဆိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး ဝန်ကြီးချုပ် Abe ဆိုင်းငံ့

May 19, 2020 at 12:15 PM

အစိုးရ စုံစမ်း စစ်ဆေးရေးအရာရှိတွေ အငြိမ်းစားယူရမယ့်သက်တမ်းကို ပြင်ဆင်တဲ့ အငြင်းပွားဖွယ်ရာ ဥပဒေမူကြမ်းကို ပြုလုပ်လျက်ရှိတဲ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြုရန် ဂျပန်ဝန်ကြီးချုပ် Shinzo Abe က လုံးဝလက်လျှော့လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် Abe ဟာ အာဏာရအဓိကပါတီကြီးဖြစ်တဲ့ လစ်ဘရယ်ဒီမို ကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး Toshihiro Nikai နဲ့ မေလ ၁၈ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး လူထုထောက်ခံမှုမရဘဲ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့ ကြိုးပမ်းရာမှာ ခက်ခဲလွန်းတယ် ဆိုတာကို သဘောတူ ခဲ့ကြပါတယ်။
လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တုံ့ပြန် ဆောင်ရွက်ရေးဟာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဝန်ကြီးချုပ် Abe နဲ့ အထွေထွေ အတွင်းရေးမှုး Nikai တို့က ထပ်မံအတည်ပြုခဲ့ကြပါတယ်။
အဆိုပါဥပဒေမူကြမ်းဟာ အစိုးရ စုံစမ်း စစ်ဆေးရေးအရာရှိတွေ အငြိမ်းစားယူရမယ့် အသက်ကို တခြား ပြည်သူ့ဝန်ထမ်းများ နည်းတူ ၆၅ နှစ် လို့ ပြင်ဆင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အကြီးတန်း စုံစမ်းစစ်ဆေးရေး အရာရှိတွေရဲ့ တာဝန်ထမ်းဆောင်စဉ်ကာလကို အစိုးရအဖွဲ့က ၃ နှစ်အထိ သက်တမ်းတိုးချဲ့ နိုင်တယ်ဆိုတဲ့အချက်ကို လည်း အဲဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။အတိုက်အခံပါတီတွေက ဒီအချက်ကို ပယ်ဖျက်ဖို့ တောင်းဆိုနေပြီး ပုဂ္ဂိုလ်ရေးအရ မမှန်မကန် ရာထူးခန့်အပ်မှုတွေဖြစ်လာ အောင် လမ်းခင်းပေးရာ ရောက်လိမ့်မယ်လို့ ဆိုနေပါတယ်။
တိုကျိုအကြီးတန်း အစိုးရ စုံစမ်းစစ်ဆေးရေးရုံးရဲ့ အကြီးအကဲ Kurokawa Hiromu က သက်ပြည့်ပင်စင်ယူမှာကို ဆိုင်းငံ့ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်ဆိုတာမျိုး ဖြစ်အောင် ရည်ရွယ် ပြီး ဥပဒေပြင်ဆင်ရေးကို အဆိုပြု ထားတာဖြစ်တယ်လို့ အတိုက်အခံပါတီတွေက ပြောပါတယ်။
အကြီးအကဲ Kurokawa ကို အစိုးရနဲ့ နီးစပ်တဲ့သူဖြစ်တယ်လို့ ဆိုကြပြီး အဲဒီဥပဒေကိုဆန့်ကျင်ကြသူတွေက သူ့ရဲ့ တာဝန် ထမ်းဆောင်တဲ့ သက်တမ်းကာလကို တိုးချဲ့မှုဖြင့် သူ့ကို စုံစမ်းစစ်ဆေးရေး အရာရှိချုပ်ရာထူးကို တိုးမြှင့်ပေးဖို့ လမ်းကြောင်းအဖြစ် ရှုမြင်ကြပါ တယ်။အစိုးရကတော့ အဲဒီဥပဒေမူကြမ်းဟာ အကြီးအကဲ Kurokawa နဲ့ ဘာမှ မဆက်နွယ်ဘူးလို့ ဆိုထားပါတယ်။
အစိုးရက ရာထူးနေရာအတွက် မမှန်မကန်ခန့်အပ်မှုတွေ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ငြင်းဆိုပြီး အဲဒီဥပဒေကြမ်းဟာ စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ သီးခြားလွတ်လပ်မှု ဒါမှမဟုတ် အာဏာသုံးရပ်ကနေ သီးခြားခွဲထုတ်ထားမှုကို ထိပါးစေမှာ မဟုတ်ဘူးဆိုတာကိုလည်း ပြောဆိုပါတယ်။
SOURCE – The Asahi Shimbun

Tags: