ဂျပန်နိုင်ငံတွင် Coronavirus (Covid-19) ပြန့်ပွားနေမှုကြောင့်ဂျပန်ဧကရာဇ်ဘုရင် Naruhito ၏ အသက်(၆၀)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို ဘုရင့်နန်းတော်အတွင်း၌သာ ကျင်းပခဲ့

February 26, 2020 at 6:06 PM

ဖေဖော်ဝါရီလ (၂၃)ရက် တနင်္ဂနွေနေ့တွင် Tokyo မြို့ရှိဘုရင့်နန်းတော်တွင်ကျင်းပသော အသက်(၆၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲအခမ်းအနားသို့ ဂျပန်ဧကရာဇ်ဘုရင် Naruhito ဟာဇနီးဖြစ်သူ ဘုရင်မ Masako နဲ့အတူတက်ရောက်ခဲ့ပါတယ်။ ထိုပွဲသို့ ရာပေါင်းများစွာသော အစိုးရအရာရှိအကြီးအကဲများနှင့် နိုင်ငံတကာမှ အရာရှိအကြီးအကဲများလည်း တက်ရောက်ခဲ့ကြပါတယ်။ဘုရင် Naruhito ရဲ့ မွေးနေ့ပွဲအခမ်းအနားကို ပြည်သူများနှင့်အတူ နန်းတော်အရှေ့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လက်တလောဂျပန်နိုင်ငံတွင် Coronavirus (Covid-19) ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် ထိုမွေးနေ့ပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့ပြီး နန်းတော်ထဲတွင်သာ သက်ဆိုင်ရာ အကြီးအကဲများနှင့် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

Source : kyodonews

တနင်္ဂနွေနေ့ မနက်ပိုင်း မွေးနေ့ဂုဏ်ပြုပွဲအခမ်းအနားတွင် အစ်ကိုတော်ဖြစ်သူ မင်းသား Akishino,မင်းသမီး Kiko နှင့် အခြားနန်းတွင်းမိသားစုများမှ မွေးနေ့ဂုဏ်ပြုစကားများပြောကြားခဲ့ပါတယ်။ မွန်းလွဲပိုင်းတွင် အထူးနေ့လည်စာအခမ်းအနားကို ဘုရင့်နန်းတော်ရှိ Homeiden ခန်းမဆောင်တွင် ကျင်းပခဲ့ပြီး ထိုအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe ၊ တရားဥပဒေရေးရာနှင့် လွှတ်တော်မှ အကြီးအကဲများနှင့်အဖွဲ့ဝင်များ အစရှိသဖြင့် ဧည့်သည်တော် အယောက်(၄၅၀)ခန့် တက်ရောက်ခဲ့ပါတယ်။ ထို့အပြင် နိုင်ငံပေါင်း (၁၂၇)နိုင်ငံမှ သံအမတ်များနှင့် အရာရှိအကြီးအကဲ (၁၉၀)ဦးတို့နှင့်အတူ ဂျပန်ရိုးရာလက်ဖက်ရည်တည်ခင်းဧည့်ခံပွဲကိုလည်း နန်းတော်ထဲရှိ ဒုတိယအကြီးဆုံး ခန်းမဆောင် ဖြစ်တဲ့ Shunju no ma ခန်းမဆောင်တွင် ကျင်းပခဲ့ပါတယ်။

Naruhito မှ “မွေးနေ့ပွဲကို ယခုကဲ့သို့ဧည့်သည်တော်များနှင့် ကျင်းပရသဖြင့် ဝမ်းမြောက်မိကြောင်း၊ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ ပျော်ရွှင်ဝမ်းမြောက်ပြီးကျန်းမာရေးကောင်းမွန်စေရန်နှင့် ဂျပန်နိုင်ငံလည်း ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်စေရန်ဆုမွန်ကောင်းတောင်းကြောင်း” ပြောကြားခဲ့ပါတယ်။