လူမှုဘဝနေထိုင်ပုံ အလေ့အထသစ်တွေကို ကျွမ်းကျင်သူတွေ အကြံပြု

May 6, 2020 at 1:27 PM

ဂျပန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အသစ် အတည်ပြုတဲ့နှုန်း အကျဘက်ကို ဦးတည်နေပေမဲ့ ထပ်ပြီး တိုးလာခဲ့ရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ရဲ့ စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန် သွားနိုင်တယ်လို့ အစိုးရရဲ့ ကျွမ်းကျင်သူများ အကြံပေးအဖွဲ့ တစ်ဖွဲ့က တနင်္လာနေ့မှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။အခုအချိန်မှာ လက်ရှိ ကန့်သတ်ချက်တွေကို ဆက်ပြီးထားရှိတာ အသင့်တော်ဆုံး ဖြစ်တယ်လို့ အဲဒီ ကျွမ်းကျင်သူတွေက သဘောတူ ခဲ့ပါတယ်။
ဒါပေမဲ့ ဒီ အကြံပေးအဖွဲ့က “လူမှုဘဝနေထိုင်ပုံ အလေ့အထ အသစ်”လို့ ခေါ်ဆိုတဲ့ ရေရှည်လုပ်သင့်တဲ့ အကြံပြုချက် တစ်စုံ ကိုလည်း တင်ပြခဲ့ပါတယ်။ ဒါတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အတိုင်းအတာ တစ်ခုထိပဲ ရှိတော့တဲ့ ဒေသတွေမှာ ကူးစက် ပြန့်ပွားမှု ထပ်များ မလာအောင် လိုက်နာရမယ့် သတ်မှတ်ချက်တွေ ဖြစ်ပါတယ်။
ဒီအကြံပြုချက်တွေကတော့ အိမ်အပြင်ထွက်ရင် ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို တပ်ဆင်ဖို့နဲ့ တတ်နိုင်သမျှ လူတစ်ဦးနဲ့တစ်ဦး ၂ မီတာ ခွာပြီး နေဖို့ဆိုတာတွေ ပါဝင်ပါတယ်။
အပြင်က ပြန်လာရင် လက်တွေနဲ့ မျက်နှာကို ချက်ချင်း ဆေးကြောဖို့ အကြံပေးထားပြီး လက်ဆေးရာမှာ ဆပ်ပြာကို သုံးဖို့နဲ့ စက္ကန့် ၃၀ လောက် အချိန်ယူ လက်ကို ဆေးကြောဖို့ တိုက်တွန်းထားပါတယ်။
လေဝင် လေထွက်မရှိ ပိတ်လှောင်တဲ့နေရာ၊ လူထူထပ်တဲ့ နေရာနဲ့ လူတစ်ဦးနဲ့ တစ်ဦး နီးနီးကပ်ကပ် ထိတွေ့နိုင်တဲ့ အနေအထားတွေကို ရှောင်ရှားဖို့နဲ့ တစ်ဦးချင်းအနေနဲ့ မနက်တိုင်း ကိုယ်အပူချိန်ကို တိုင်းထွာတာလိုမျိုး ကိုယ့်ရဲ့ ကျန်းမာရေးကို ကိုယ် ဂရုစိုက် စောင့်ကြည့်ကြဖို့ အကြံပြု ထားပါတယ်။
အင်တာနက်ကို သုံးပြီး နေအိမ်ကနေ အလုပ်လုပ်တာနဲ့ အလုပ်ချိန်ကို သုံးသပ် ပြင်ဆင်တာတွေ အပါအဝင် အလုပ်လုပ်တဲ့ ပုံစံသစ်တွေကို တောက်လျှောက် ကျင့်သုံးသွားဖို့လည်း သူတို့က တိုက်တွန်း ခဲ့ပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်း နယ်ပယ် အမျိုးမျိုးအတွက် လမ်းညွှန်ချက် အသစ်တွေကို ချမှတ်ဖို့လည်း ဒီ အကြံပေးအဖွဲ့က အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် အစားအစာ ထုတ်လုပ် ရောင်းချတဲ့နေရာ၊ ကုန်ပစ္စည်း လက်လီ ရောင်းချတဲ့ အဆောက်အအုံတွေကို ရောဂါကူးစက်မှုလက္ခဏာ သံသယရှိတဲ့သူတွေ ဝင်ရောက်လာရင် ကန့်သတ်သင့်ပြီး လူတွေ လက်နဲ့ ထိတွေ့နိုင်တဲ့ နေရာတွေကို ပိုးသတ် သန့်ရှင်းရေး လုပ်ဆောင် သင့်တယ် လို့လည်း အကြံပြုခဲ့ပါတယ်။

SOURCE – NHK