၂၀၂၀ ပြည့်နှစ် နိုင်ငံခြားရေးမူဝါဒ အစီရင်ခံစာ ဂျပန် ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်က ကမ္ဘာတစ်လွှားမှာ ဆိုးဆိုးရွားရွား နစ်နာဆုံးရှုံးမှုတွေကို ဖြစ်စေပြီး အဲဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရေးအတွက် နိုင်ငံတွေအနေနဲ့ မဖြစ်မနေ ပူးပေါင်း လုပ်ဆောင်ကြရမယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သူ့ရဲ့ ၂၀၂၀ ပြည့်နှစ် နိုင်ငံခြားရေးမူဝါဒ အစီရင်ခံစာကို အင်္ဂါနေ့က ပြုလုပ်တဲ့ အစိုးရ အဖွဲ့အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကမ္ဘာ့ စီးပွားရေး၊ လူမှုရေးနဲ့ သံတမန်ဆက်ဆံရေးတွေမှာ ဂယက်ရိုက်ခဲ့ပြီး ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအသီးသီးရဲ့ အပြန်အလှန် ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေဟာ အဓိကကျတယ်လို့ အစီရင်ခံစာ ထဲမှာ ဆိုထားပါတယ်။
အခုနှစ် နွေဦးရာသီမှာ ဂျပန်ကိုလာရောက်ဖို့ စီစဉ်ထားတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့ ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရတာကို ဗိုင်းရပ်စ်ပိုးကြောင့် သံတမန် ဆက်ဆံရေးအပေါ် ထိခိုက်ခဲ့တဲ့ ဥပမာ တစ်ခုအနေနဲ့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားခဲ့ပြီးတဲ့နောက် ဂျပန်ကို ပြန်လာလိုတဲ့ ဂျပန်နိုင်ငံသားတွေအားလုံး တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စင်းလုံးငှား လေယာဉ်တွေနဲ့ ပြန်လာနိုင်ခဲ့တာကို နှစ်နိုင်ငံအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ရလဒ်တစ်ခုအနေနဲ့ အဲဒီအစီရင်ခံစာထဲမှာ မှတ်ချက်ပြု ရေးသားထားပါတယ်။
အစီရင်ခံစာထဲမှာ တောင်ကိုရီးယားနိုင်ငံကို အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံလို့ ခေါ်ဆိုထားပြီး စစ်အတွင်းက အလုပ်သမား အရေးကိစ္စကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ အလွန်တင်းမာ နေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေကို
ချိုးဖောက်တဲ့ အနေအထား ဖြစ်နေပါလျက်နဲ့ အဲဒီနိုင်ငံက မှန်ကန်လာအောင် ပြုပြင်ခြင်း မရှိဘူးလို့ အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။
SOURCE – Japan Today