နိုင်ငံခြားသားနည်းပညာအလုပ်သင်လုပ်သားတွေက သူတို့တွေ အလုပ်ဖြုတ်ခံရတယ်လို့ ပြေ

September 15, 2020 at 11:22 AM

နိုင်ငံခြားသားနည်းပညာအလုပ်သင်လုပ်သားအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဂယက်ကြောင့် အမှန်တကယ် အလုပ်ဖြုတ်ခံရပေမယ့်လည်း မိမိဆန္ဒအလျောက် အလုပ်ကထွက်သွားတယ်လို့ ထင်မြင်ခံရအောင် အလုပ်ရှင်တွေက အတင်းအကျပ်လုပ်တာကို ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။

ဗီယက်နမ်က အလုပ်သင်လုပ်သားတွေကို ထောက်ပံ့ပေးတဲ့ အဖွဲ့တစ်ဖွဲ့က လာရောက်တိုင်ပင်ဆွေးနွေးတာတွေ အများကြီး လက်ခံရရှိတယ်လို့ ပြောပါတယ်။ ဖြစ်ရပ်တစ်ခုမှာဆိုရင် အလုပ်သင်လုပ်သားတစ်ဦးက ကုမ္ပဏီတာဝန်ရှိသူတွေကို အသနားခံခဲ့ပြီး အလုပ်ဆက်လုပ်ချင်တယ်လို့ ပြောခဲ့ကြောင်း ဒါပေမဲ့ မိမိသဘောဆန္ဒအလျောက် အလုပ်ထွက်တာကို သဘောတူဖို့ ၃ နာရီကျော်ကြာတဲ့အထိ ဖိအားပေးခံရတာနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
တာဝန်ရှိသူတစ်ဦးက အလုပ်သင်လုပ်သားတော်တော်များများ ဟာ ဂျပန်ဘာသာစကား ကောင်းကောင်း မပြောတတ်ကြဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ကိုယ်ရေးကိုယ်တာအကြောင်းပြချက် နဲ့ သူတို့တတွေ အလုပ်ကထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။ သူတို့တတွေဟာ အလုပ်သင်လုပ်သားတွေကို ထောက်ပံ့ပေးရတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကူညီပေးတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကုမ္ပဏီတွေအနေနဲ့ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ရှောင်ရှားဖို့ အလုပ်သင်လုပ်သားတွေက မိမိတို့ဆန္ဒအလျောက် အလုပ်ကထွက်တယ်လို့ဖြစ်အောင် လုပ်နိုင်တာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ တကယ်လို့ ကုမ္ပဏီတွေက နည်းပညာအလုပ်သင်လုပ်သားတွေကို အလုပ်ဖြုတ်လိုက်တယ် ဆိုရင် နောက်ပိုင်းမှာ ဒါကို တရားမမျှတဘူးလို့ အစိုးရက သိသွားတဲ့အခါ ကုမ္ပဏီတွေအနေနဲ့ သင်တန်းသားအသစ်တွေကို လက်ခံတဲ့အခါ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စိစစ်မှုကို ခံရနိုင်ဖွယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဂျပန်အလုပ်သမားဝန်ကြီးဌာနက သြဂုတ်လ ၂၁ ရက်နေ့က ပြောကြားရာမှာ နိုင်ငံခြားသား နည်းပညာအလုပ်သင်လုပ်သား ၃၁၀၄ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဂယက်ကြောင့် အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

Tags: