အပြစ်မရှိကြောင်း Nissan Motor အမှုဆောင်ဟောင်းက လျှောက်လဲ
Nissan Motor ကုမ္ပဏီရဲ့ အမှုဆောင်ဟောင်းတစ်ဦးက အမှုဆောင်ချုပ်ဟောင်း Carlos Ghosn ရဲ့ ဝင်ငွေကို လျှော့ပေါ့အစီရင်ခံခဲ့မှု စွဲချက်အတွက် သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။

မစ္စတာ Ghosn နဲ့ နီးစပ်သူ လက်ထောက်တစ်ဦးဖြစ်တဲ့ Greg Kelly ဟာ စက်တင်ဘာ ၁၅ ရက်နေ့ တုန်းက တိုကျိုခရိုင်တရားရုံးမှာ သူ့အမှုရဲ့ အဖွင့်ကြားနာမှုကို တက်ရောက်ခဲ့ပါတယ်။
သူဟာ ၂၀၁၈ခုနှစ် မတ်လ အထိ ၈နှစ်တာ ကာလအတွင်း နစ်ဆန်းကုမ္ပဏီရဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေမှာ မစ္စတာ Ghosn ရဲ့ ခံစားခွင့်ပမာဏကို အမေရိကန်ဒေါ်လာ ၈၆ သန်း လောက် စာရင်းလျှော့ပြခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပါတယ်။
အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ Kelly က ဥပဒေအရာရှိတွေရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။ မစ္စတာ Ghosn ဟာ ထူးချွန်တဲ့ စီမံခန့်ခွဲသူ တစ်ဦးဖြစ်ပြီး နစ်ဆန်းရဲ့ လွတ်လပ်စွာရပ်တည်မှုကို အကာအကွယ်ပေးဖို့ စွမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ခံစားခွင့်နဲ့ ပတ်သက်ပြီး မစ္စတာ Ghosn က သူ့ဆီက အကြံဉာဏ် တောင်းခံခဲ့ချိန်မှာ သူက ကုမ္ပဏီတွင်းရှေ့နေတွေကို ဆက်သွယ်မေးမြန်းပြီး ဘယ်လိုအရာတွေကို တရားဥပဒေနဲ့ အညီလုပ်ဆောင်နိုင်သလဲ၊ ဘယ်လိုအရာတွေကို မလုပ်ဆောင်နိုင်ဘူးလဲဆိုတာ မစ္စတာ Ghosn ကို ပြောပြခဲ့တယ်လို့ မစ္စတာ Kelly က ဆိုပါတယ်။
ဒီအမှုမှာ အလားတူ စွပ်စွဲခံရသူဖြစ်တဲ့ Nissan Motor ကုမ္ပဏီက ငွေကြေးစာချုပ်စာတမ်းနဲ့ အရောင်းအဝယ် အက်ဥပဒေ (Financial Instruments and Exchange Act) ချိုးဖောက်မှု စွဲချက်ပါ အကြောင်းအရာတွေကို လက်ခံထားပါတယ်။
မစ္စတာ Ghosn ဟာ မစ္စတာ Kelly နဲ့ တစ်ချိန်တည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက ဂျပန်မှာ အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ မစ္စတာ Ghosn ဟာ အာမခံနဲ့ လွှတ်ပေးထားတာကို ချိုးဖောက်ရှောင်လွှဲပြီး လက်ဘနွန်ကို ထွက်ပြေးသွားခဲ့ပါတယ်။
SOURCE – Japan Today