ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဖြန့်ဝေခဲ့တဲ့ နှာခေါင်းစည်း တချို့ ညစ်ပေနေတာ တွေ့ရှိ

April 19, 2020 at 7:49 PM

ဂျပန်မှာ အစိုးရကနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ဖြန့်ဝေ ခဲ့တဲ့ ပိတ်သားနဲ့ ချုပ်ထားတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းတချို့မှာ ညစ်ပေ နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဂျပန်မှာအစိုးရက ဧပြီလ ၁၄ရက်နေ့မှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆီကို နှာခေါင်းစည်း အခုရေ စုစုပေါင်း ၅၀၀၀၀၀ ကို စတင်ပေးပို့ ဖြန့်ဝေခဲ့ပါတယ်။ သောကြာနေ့မှာ အိမ်ထောင်စုတိုင်းကို နှာခေါင်းစည်း ၂ခုစီပေးပို့မှု မစတင်မီ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲက တချို့ နှာခေါင်းစည်းတွေမှာ အစက်အပြောက်တွေ စွန်းပေနေတာတွေ ဆံပင်တွေ ဒါမှမဟုတ် ဖုန်တွေနဲ့ ပေရေနေတာတွေကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့ည အထိ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ၈၀ ဆီက အကြောင်းကြား တာရခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အဲဒီလို ပေရေညစ်ညမ်းတဲ့ နှာခေါင်းစည်းအရေအတွက်ဟာ ၁၉၀၀ကျော် ရှိခဲ့တယ်လို့ အဲဒီ ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီ နှာခေါင်းစည်းတွေကို ကုမ္ပဏီအမျိုးမျိုးကနေ ဝယ်ယူ ရရှိခဲ့တာဖြစ်ပြီး မကောင်းတဲ့ နှာခေါင်းစည်းတွေကို အသစ်တွေနဲ့ အစားထိုး ပေးပို့မယ်လို့ ကျန်းမာ ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း နောက်ထပ်အလားတူ ပြဿနာတွေမရှိအောင် ဖြေရှင်းဆောင်ရွက်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

အဲဒီ ကုမ္ပဏီတွေကဆီက ဝယ်ယူထားတဲ့ နှာခေါင်းစည်းတွေကို နိုင်ငံတစ်ဝန်းက အိမ်ထောင်စုတိုင်းကို ပေးပို့ ဖြန့်ဝေမှာဖြစ်ပြီး ကုန်ပစ္စည်းတွေကို မျက်စိနဲ့ သေချာကြည့်ရှု စစ်ဆေးဖို့ လိုအပ်မယ်လို့ လည်း ဝန်ကြီးဌာနက ပြောပါတယ်။
SOURCE – NHK