စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရေးအပေါ် ဂျပန်အစိုးရ က အခြေခံ သဘောထားကို ထုတ်ပြန်ဖို့ရှိ

May 4, 2020 at 8:32 AM

နိုင်ငံတစ်ဝန်း အရေး‌‌ပေါ်အခြေအနေ သက်တမ်း တိုးချဲ့ဖို့ ကြေညာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေကို တစ်စိတ်တစ်ပိုင်း ပြန်လည် လုပ်ကိုင်ခွင့်ပြုရေးနဲ့ ပတ်သက်တဲ့ အခြေခံ သဘောထားကို ဂျပန်အစိုးရက ထုတ်ပြန်ဖို့ စီစဉ်ထား ပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကို တနင်္လာနေ့ မှာ ပြုလုပ်ဖို့ ဂျပန်အစိုးရက စီစဉ်ထားပြီး အရေးပေါ် အခြေအနေကို နောက်ထပ် တစ်လ သက်တမ်းတိုးဖို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဲဒီကြေညာချက်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
သက်တမ်း တိုးချဲ့ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြဖို့အတွက် ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး (Abe Shinzo) ဟာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်။
ကူးစက်ခံရတဲ့ အရေအတွက် ကျဆင်းနေပေမဲ့လည်း နိုင်ငံရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်က လုပ်ဆောင်နိုင်တာထက် ပိုများတဲ့ ဝန်ပိနေရတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်တယ်လို့ အစိုးရက ယုံကြည် ထားပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်ရေး တာဝန်ခံဝန်ကြီး နိရှိမူရာ့ ယာစုတိုရှိ (Nishimura Yasutoshi) က စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် လှုပ်ရှားမှု ပြန်လည်စတင်ရေးနဲ့ ပတ်သက်တဲ့ အခြေခံ သဘောထားကို ထုတ်ပြန်မှာ ဖြစ်တယ်လို့ စနေနေ့က ပြောဆိုခဲ့ ပါတယ်။ တိုကျိုနဲ့ အိုစာကာက အုပ်ချုပ်ရေးမှူးတွေနဲ့ အွန်လိုင်းက တစ်ဆင့် ဆွေးနွေးခဲ့တုန်းက အဲဒီလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကူးစက်မှုတွေ ပြန့်ပွားနေတာကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာနေဖို့ မေတ္တာရပ်ခံချက်နဲ့ တခြားကန့်သတ်ချက်တွေ ချမှတ်ခဲ့တာ ကြောင့် စီးပွားရေးအရ ပေးဆပ်ရမှုတွေကို အစိုးရ အရာရှိတွေက သိရှိကြပါတယ်။
ကူးစက်ပြန့်ပွားမှုတွေ အထိုက်အလျောက်ပဲ ဖြစ်ပွားတဲ့ အရပ်ဒေသ တွေမှာ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် သတိကြီးကြီးထားပြီး တချို့ အရေးယူ ဆောင်ရွက်ချက်တွေကို ခြွင်းချက် အဖြစ် သတ်မှတ် လျှော့ပေါ့ ပေးဖို့ လည်း သူတို့တတွေ စဉ်းစားနေပါတယ်။
ဘယ်လို စီးပွားရေး လုပ်ငန်း မျိုးကို ပြန်လည်စတင် လုပ်ကိုင်နိုင်မလဲ ဆိုတာ အရာရှိတွေ လေ့လာနေကြပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အထူး သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ တိုကျိုနဲ့ တခြား ခရိုင် ၁၂ ခုမှာတော့ ကန့်သတ် ပိတ်ပင်ထားချက်တွေကို လျှော့ပေးဖို့မရှိပါဘူး။

SOURCE – NHK