မောရစ်သျှ ကမ်းလွန်မှာ သောင်တင်နေတဲ့ သင်္ဘော နှစ်ပိုင်း ကွဲ

August 17, 2020 at 3:16 PM

သောင်တင်နေတဲ့ ဂျပန်ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောကြီးဟာ ယခုအခါမှာ နှစ်ပိုင်းကွဲသွားပြီလို့ မောရစ်သျှ (Mauritius)အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဲဒီ ဝါကာ့ရှိအို (Wakashio) သင်္ဘောဟာ ဒေသစံတော်ချိန် စနေနေ့ ညနေ ၄နာရီ ၃၀မိနစ်လောက်မှာ အဲဒီလို နှစ်ပိုင်းကွဲသွားတယ်လို့ အိန္ဒိယသမုဒ္ဒရာထဲက ဒီကျွန်းနိုင်ငံ ရဲ့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ဒေသခံမီဒီယာတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ နှစ်ပိုင်းကျိုးသွားတဲ့ သင်္ဘောပတ်လည်မှာ ညစ်ညမ်းတဲ့ အညိုရောင်ရေတွေနဲ့ ဝိုင်းနေတာကို ပတ်ဝန်းကျင်က ပင်လယ် ရေပြင်ပြာထဲမှာ ကွဲကွဲပြားပြား မြင်တွေ့ရပါတယ်။ သင်္ဘောထဲမှာ ကျန်ရှိနေသေးတဲ့ လောင်စာဆီတွေ ယိုစိမ့်ထွက်လာမှာကို စိုးရိမ်နေရပါတယ်။
အာဏာပိုင်တွေက အဲဒီ ဧရိယာကို ကမ်းခြေစောင့်တပ်ဖွဲ့ စေလွှတ်ခဲ့ပြီး ရေကြောင်းကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်နဲ့ သင်္ဘောကိုဆွဲတင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
အဲဒီ ဝါကာ့ရှိအို သင်္ဘောဟာ ဇူလိုင်လအနှောင်းပိုင်းက တရုတ်နိုင်ငံကနေ ဘရာဇီးနိုင်ငံကိုအသွားမှာ သန္တာကျောက်တန်းတစ်ခုနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
မောရစ်သျှ အစိုးရဟာ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သင်္ဘောပိုင်ရှင်နဲ့ အာမခံကုမ္ပဏီဆီကနေ နစ်နာကြေးရအောင် နည်းလမ်း ရှာနေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်သီးပုဂ္ဂလ ဖြစ်စေ အဖွဲ့အစည်းတွေက ဖြစ်စေ ထိခိုက်ဆုံးရှုံးမှု ပမာဏကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေ တင်သွင်းကြဖို့လည်း အဲဒီကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

SOURCE – Japan Today