“Remdesivir” ဆေး ဖြင့် ဂျပန်ဆေးရုံများတွင် ကုသမှု စတင်

May 14, 2020 at 4:02 PM

Corona ဗိုင်းရပ်စ် ရောဂါပိုးကို တိုက်ဖျက်ကုသနိုင်ဖို့ တစ်ကမ္ဘာလုံးက ကြိုးပမ်း နေကြ တဲ့အချိန်မှာ ဂျပန်ကုမ္ပဏီတစ်ခုရဲ့ တုပ်ကွေးရောဂါကုသတဲ့ Avigan ဆေးကို ထုတ်လုပ်ဖြန့်ဝေဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ ထောက်ခံချက်နဲ့အတူ ဂျပန်အစိုးရရန်ပုံငွေ ဒေါ်လာ ၁၂၈ သန်း အကူအညီရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံက ထွက်ရှိလာမဲ့ ဆေး က ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။ အိုဆာကာ အခြေစိုက် Ono Pharmaceutical ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ သက်တမ်း ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ ပန်ခရိယ ရောင်ရမ်းခြင်း ရောဂါ (Pancreatitis) ဆေး “Camostat” ဟာလည်း ပြည်ပရှိ သိပ္ပံပညာရှင်များရဲ့ စိတ်ဝင်စားခြင်းနဲ့ ဂျပန်အစိုးရ ရဲ့ အကူအညီအနည်းငယ်ကို ရရှိခဲ့ပါတယ်။
ဒီ ဆေး နှစ်မျိုးစလုံးဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရောဂါတိုက်ဖျက်ဖို့ စမ်းသပ်နေကြတဲ့ ဆေးတွေ ထဲက ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် Abe နဲ့ အမေရိကန် သမ္မတ Trump တို့လို နိုင်ငံရေးသမား တွေက ဒီ ဆေးဝါးတွေ ရဲ့ အလားအလာရှိတဲ့ အကျိုးရလဒ်တွေကို ဖွင့်ပြောနေတာဟာ ရောဂါကုသမှုနည်းလမ်းတွေနဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ပြိုင်ပွဲတစ်ခု ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးလိုက်သလိုမျိုး ဖြစ်နေခဲ့ပါတယ်။
Gilead Science Inc ရဲ့ “Remdesivir” ဆေး အစောပိုင်း စမ်းသပ်မှု ရလဒ်တွေ အရ ရောဂါပျောက်ကင်းနိုင်တဲ့ အလားအလာ တွေ့ရှိခဲ့တာကြောင့် သုံးစွဲ ကုသဖို့ အမေရိကန်နိုင်ငံ နဲ့ ဂျပန်နိုင်ငံတို့မှာ အရေးပေါ်အတည်ပြုချက်ကို ပေးခဲ့ပါတယ်။ “Remdesivir” ဆေး ကလည်း ဆေးရုံတက်နေတဲ့ လူနာတွေ COVID-19 ရောဂါဒဏ်က ပြန်လည် နာလန်ထတဲ့ အချိန်ကို လျှော့ချပေးနေတာကို တွေ့ရှိခဲ့ပြီး နောက်ထပ် ကုသမှု နည်းလမ်းတွေကို ဆက်လက် ရှာဖွေလျက်ရှိပါတယ်။
Corona ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာတွေကို ကုသဖို့ အတွက် အသစ် အတည်ပြုလိုက်တဲ့ “Remdesivir” ဆေးကို ဆေးရုံတွေကို စတင်ဖြန့်ဝေနေပြီ ဖြစ်တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးကမေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
“Remdesivir” ဆေးဟာ COVID-19 လူနာတွေကို ကုသရေး အတွက် ဂျပန်နိုင်ငံမှာ ပထမဆုံး အတည်ပြုခဲ့တဲ့ ဆေးဝါး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီဆေးဝါးကို အရေးပေါ် အခြေအနေတွေမှာ အသုံးပြုဖို့အတွက် ခွင့်ပြုလိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ်က လျင်မြန်တဲ့ လုပ်ငန်းစဉ်ကို သုံးခဲ့ပေမဲ့ ဂျပန် နိုင်ငံမှာတော့ စစ်ဆေးချိန် သုံးရက်တည်းနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာ ပြင်းထန်တဲ့ လူနာတွေကိုပဲ အဲဒီဆေးနဲ့ ကုသဖို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်လျက်ရှိပြီးသတင်း အချက်အလက် လျှို့ဝှက်ထားရန် သဘောတူညီမှု ကြောင့် အမေရိကန်ဆေးကုမ္ပဏီက ပေးပို့လိုက်တဲ့ “Remdesivir” ဆေးပမာဏနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ငြင်းဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံ အတွင်း ဆေးဝါး ဖြန့်ဖြူးမှုတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

SOURCE – Japan Today, Kyodo News