ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှော့ချရေး ဆွေးနွေးဖို့ ဂျပန် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး ညွှန်ကြား

July 4, 2020 at 5:24 PM

ဂျပန် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး ခါဂျိယာမ ဟီရိုးရှီ (Kajiyama Hiroshi) က သူ့ရဲ့ ဝန်ကြီးဌာနမှာ ထိရောက်မှု မရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တစ်ဆင့်ချင်း ဖျက်သိမ်းရေး လမ်းပြမြေပုံတစ်ခုကို မကြာခင် စတင် ရေးဆွဲဖို့ သူ့အနေနဲ့ ညွှန်ကြားထားတယ်လို့ ပြောလိုက်ပါတယ်။

မစ္စတာ ခါဂျိယာမ ဟာ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဝန်ကြီးဌာနရဲ့ နိုင်ငံ့ စွမ်းအင်ထုတ်လုပ်မှု သုံးသပ်ချက်နဲ့ ပတ်သက်ပြီး သောကြာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီလို စက်ရုံတွေကို အစိုးရက တစ်ဆင့်ချင်း ဖျက်သိမ်းဖို့နဲ့ ဂျပန်နိုင်ငံအနေနဲ့ ကာဘွန် ကင်းမဲ့တဲ့ လူ့ဘောင် ဖြစ်လာနိုင်အောင် ပြည်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အဓိက စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုသွားဖို့ ရည်မှန်းနေတယ်လို့ မစ္စတာ ခါဂျိယာမက ပြောပါတယ်။
အခုလကုန်မှာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးအဖွဲ့ကို ထူထောင်ဖို့ ဒီဝန်ကြီးဌာနက မျှော်လင့်နေပါတယ်။
အဲဒီ အဖွဲ့ဟာ ၂၀၃၀ ဘဏ္ဍာရေးနှစ် နောက်ဆုံးထားပြီး ခေတ်မမီတော့တဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါဟာ ဟောင်းနွမ်းနေတဲ့ ဓာတ်အားပေးစက်ရုံ ၁၀၀ လောက် ပိတ်ပစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒီ အကြံပေးအဖွဲ့ဟာ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပွားချိန်မှာ အကြီးအကျယ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဘယ်လို ရှောင်ရှားနိုင်မလဲ ဆိုတာ အပါအဝင် ခေတ်မမီတော့တဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေ ရပ်ဆိုင်းတာနဲ့ ဖျက်သိမ်းတာတွေကို အရှိန်မြှင့်တင်ရေး စည်းမျဉ်းတွေ ချမှတ်မလားဆိုတာကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။
အခုနှစ်ကုန် နောက်ဆုံးထားပြီး လမ်းပြမြေပုံတစ်ခုကို ရေးဆွဲဖို့ စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက မျှော်လင့်နေပါတယ်။

Tags: