ဂျပန် အစိုးရက တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်တဲ့ Avigan ဆေးကို အလုံအလောက်ထုတ်လုပ်သိုလှောင်ထားဖို့ စီစဉ်

April 7, 2020 at 8:57 PM

ဂျပန် အစိုးရက လူဦးရေ ၂သန်းစာအတွက် တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်တဲ့ Avigan ဆေးကို အလုံအလောက်သိုလှောင်ထားဖို့ စီစဉ်ထားပါတယ်။ ဒီဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ အသုံးပြုဖို့အတွက် လူနာတွေမှာ စမ်းသပ်ကုသမှုတွေ ကို စတင်နေပါပြီ။ ဒီအစီအစဉ်ဟာ ဒီသီတင်းပတ်အကုန်မှာ အပြီးသတ်ဖို့ မျှော်လင့်ရတဲ့ အရေးပေါ် စီးပွားရေးအားဖြည့်မှု အစီအစဉ်မူကြမ်းမှာ တစ်စိတ်တစ်ဒေသအနေနဲ့ပါဝင်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ဂျပန်စီးပွားရေးအတွက် စိုးရိမ်စရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ အဲဒီမူကြမ်းမှာ ဖော်ပြထားပြီး အဆင့် ၂ဆင့်နဲ့ ကိုင်တွယ်သွားဖို့ ပြဌာန်းထားပါတယ်။ ပထမအဆင့်အနေနဲ့ ဒီဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ တစ်နိုင်ငံလုံးရုန်းကန် ကြိုးပမ်းနေချိန်မှာ ပြည်သူတွေအတွက် အရေးပေါ် အထောက်အပံ့တွေပေးသွားဖို့ သတ်မှတ်ထားပါတယ်။ ဒုတိယအဆင့်အနေနဲ့ အလျင်အမြန်စီးပွားရေး နလန်ထူနိုင်ဖို့ ရည်မှန်းထားပါတယ်။

လာမယ့်နှစ် မတ်လကုန်မတိုင်မီအထိ လူဦးရေ ၂သန်းစာအတွက် Avigen ဆေးကို အလုံအလောက် သိုလှောင်ထားဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။ COVID-19 ကပ်ရောဂါ ကြောင့် သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိ ဝင်ငွေတွေ လျော့နည်းလာနေတဲ့ အိမ်ထောင်စုတွေကို အမေရိကန် ဒေါ်လာ ၂၈၀၀ လောက် ထောက်ပံ့ပေးဖို့လည်း သူတို့က စီစဉ်နေပါတယ်။ ကလေးသူငယ်တွေအတွက် ထပ်ဆောင်းထောက်ပံ့ကြေးတွေ ပေးဖို့လည်း အစိုးရက စီစဉ်နေပါတယ်။

ဒီရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လူတစ်ဦးချင်း သုံးစွဲမှုကို အားပေးဖို့၊ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ နဲ့ ပွဲလမ်းသဘင်တွေကို ပံ့ပိုးဖို့အတွက် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ အစိုးရက စီစဉ်နေပါတယ်။ အလုပ်အကိုင်နေရာတွေကို အကာအကွယ်ပေးဖို့ ဇွန် ၃၀ ရက်နေ့အထိ အလုပ်အကိုင်ဆိုင်ရာ အထောက်အပံ့တွေကို တိုးချဲ့ပေးသွားဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။