ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာ ပြတ်လပ်မှု ဂျပန်အစိုးရ ကိုင်တွယ်မယ်

April 25, 2020 at 7:49 PM

ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနဲ့ ဝတ်စုံတွေ အလိုအပ်ဆုံးဖြစ်နေတဲ့ ဆေးရုံတွေဆီ အဲဒီ ပစ္စည်းတွေ ဦးစားပေး ဖြန့်ဝေပေးမယ့် စနစ်တစ်ခုကို ဖွဲ့စည်းဖို့ ဂျပန်ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုးက ကတိပြုပြောဆိုခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ အကာအကွယ်သုံး ဆေးကုသမှု ဆိုင်ရာ ပစ္စည်း ကိရိယာတွေ ဆက်ပြီး ပြတ်လပ်နေတဲ့ အကြောင်းကို မစ္စတာ အာဘဲက ဆွေးနွေးခဲ့ပါတယ်။
ထုတ်လုပ်မှုကဏ္ဍရဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့် ရရှိထားပေမယ့် အခု အချိန်အထိ ဆိုးဆိုးရွားရွား ပြတ်လပ်နေတာတွေ ရှိသေးတယ်လို့ မစ္စတာ အာဘဲက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ ဆေးရုံနဲ့ တခြား ကျန်းမာရေး ဌာနတွေဆီကို တတ်နိုင်သမျှ ကျန်းမာရေးဆိုင်ရာ ပစ္စည်း ကိရိယာတွေ ပို့ပေးဖို့အတွက် အစိုးရရဲ့ အရင်းအမြစ်တွေကို စည်းစည်းလုံးလုံးနဲ့ အကျိုးရှိရှိ အသုံးချဖို့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်း အဖွဲ့ဝင်တွေကို မစ္စတာ အာဘဲက တောင်းဆိုခဲ့ပါတယ်။
ကျောင်းပိတ်ထားမှု ရက်တိုးလိုက်တာနဲ့ အိမ်မှာနေဖို့ တောင်းဆို လိုက်တာတွေကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကြောင့် ကလေးတွေအပေါ် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ အိမ်တွင်း အကြမ်းဖက်တဲ့ အမှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်းလည်း မစ္စတာ အာဘဲက ပြောပါတယ်။
လာမယ့် သီတင်းပတ်ကစပြီး အင်တာနက် လူမှုကွန်ယက် စာမျက်နှာနဲ့ အီးမေးလ်ကနေ တစ်ဆင့် အကြံပေး ဆွေးနွေးတဲ့ ဝန်ဆောင်မှုနဲ့ အတူ ၂၄ နာရီ အရေးပေါ်တယ်လီဖုန်း ဝန်ဆောင်မှုကိုလည်း ပေးသွားမယ်လို့ မစ္စတာ အာဘဲက ပြောပါတယ်။ SOURCE- NHK