အရေးပေါ် အခြေအနေ ကြေညာချက်ကို တစ်လလောက် သက်တမ်းတိုးဖို့ ဂျပန်အစိုးရ စဉ်းစားနေ

April 30, 2020 at 6:59 PM

ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝန်းမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို တစ်လလောက် သက်တမ်း ထပ်တိုးဖို့ ဂျပန်အစိုးရက စဉ်းစားနေပါတယ်။လောလောဆယ်မှာ ဒီကြေညာချက်ကို လာမယ့် ဗုဒ္ဓဟူးနေ့အထိ ကျင့်သုံးမှာ ဖြစ်ပါတယ်။
မေလ ၆ရက်နေ့မှာ အဲဒီ အရေးပေါ် အခြေအနေ ကြေညာချက် ပြီးဆုံးလိုက်ဖို့ ဖြစ်နိုင်ခြေ ရှိ မရှိ အဖြေမထွက်သေးဘူးလို့ ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး က ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အထက်လွှတ်တော် ဘတ်ဂျက်ရေးရာကော်မတီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ကူးစက်သူတွေ ဆက်လက် တိုးလာနေတာကို ထောက်ရှုပြီး ဖြစ်နိုင်ခြေ မရှိဘူးလို့ ရှုမြင်နေရသေးကြောင်း သူက ဆိုပါတယ်။
ခရိုင်အုပ်ချုပ်ရေး အကြီးအကဲတွေက ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်း အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး နိုင်ငံအဝန်းမှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို သက်တမ်းတိုးရေး ဗဟိုအစိုးရကို တောင်းဆိုကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အရေးပေါ် အခြေအနေ ကြေညာချက်ကို တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းလိုက်မယ် ဆိုရင် လူတွေ သွားလာလှုပ်ရှားမှုတွေ ပြန်လည်စတင်ပြီး နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတာကို ထောက်ပြရင်း ဒီကြေညာချက်ကို ဆက်ပြီး ထားရှိဖို့ ခရိုင်အုပ်ချုပ်ရေးမှူး အများအပြားက တောင်းဆိုခဲ့ပါတယ်။

SOURCE – NHK