ဂျပန် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေဟာ အွန်လိုင်းကနေ ဒေသထွက်ကုန်တွေကို အရောင်းမြှင့်တင်

May 12, 2020 at 7:29 PM

ဂျပန်နိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေဟာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဂယက်ကို ခံနေရတာကြောင့် စျေးဝယ်သူတွေနဲ့ ဒေသတွင်းထွက်ကုန်တွေ ထုတ်လုပ်သူတွေကို ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ တချို့က အွန်လိုင်းကနေ ချိတ်ဆက်ပေး နေပါတယ်။ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကုအိုကား (Fukuoka) ခရိုင်ဟာ ဒေသထွက်အစားအသောက်၊ ပရိဘောဂနဲ့ တခြား ထွက်ကုန်တွေကို မေလ ၂ရက်နေ့ကစပြီး လာ့ခုတန် (Rakuten) လို့ခေါ်တဲ့ အွန်လိုင်း စျေး ဆိုင် အင်တာနက် စာမျက်နှာမှာ တင်ခဲ့ ပါတယ်။
အဲဒါအပြင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဟာ ဝယ်ယူသုံးစွဲသူတွေအကြား အဲဒီ အွန်လိုင်းစျေးရောင်းတဲ့အစီအစဉ် ရေပန်းစားလာဖို့ လှုပ်ရှားမှုတစ်ခုအနေနဲ့ ခရိုင် ဘတ်ဂျက်ထဲက ရန်ပုံငွေကို သုံးပြီး ၃၀ ရာခိုင်နှုန်း စျေးလျှော့တဲ့ ကူပွန်တွေ ထုတ်ပေးခဲ့ပါတယ်။
အဲဒီခရိုင်က ထွက်ကုန်တွေကို ဝယ်ယူရာမှာ အသုံးပြုဖို့လုပ်ထားတဲ့ ကူပွန် ၁၀၀၀၀ လုံးဟာ ၈နာရီအတွင်း ကုန်သွားခဲ့ပါတယ်။
ဇွန်လ ၁ရက်နေ့ကစပြီး နောက်ထပ် ကူပွန် အမြောက်အမြား ထုတ်ပေး သွားဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံ မြောက်ဘက်စွန်းက ဟော့ကိုင်းဒိုး (Hokkaido) ခရိုင်ဟာ Rakuten နဲ့ Yahoo Japan လိုမျိုး အွန်လိုင်း စျေးဝယ် ဝက်ဘ်ဆိုက် တွေကို အသုံးပြုတဲ့ နောက်ထပ် ခရိုင်တစ်ခု ဖြစ်ပါတယ်။
အဲဒီခရိုင်က အထူးအရောင်းမြှင့်တင်ရေး အစီအစဉ်တစ်ခုကို ဧပြီလမှာ စတင်ခဲ့ပြီး လျှော့စျေး ကူပွန်တွေကို တနင်္လာနေ့ကစပြီး ထုတ်ပေး နေပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာ့ဇာကီ (Miyazaki) ခရိုင်၊ မီယာ့ကိုနိုဂျို (Miyakonojo) မြို့ဟာလည်း ကပ်ရောဂါကြောင့် စျေးကွက်လမ်းကြောင်း ပျောက်ခဲ့ရပြီးနောက်ပိုင်း ဒေသထွက် အစားအစာတွေနဲ ထုတ်ကုန်တချို့ကို အွန်လိုင်းကနေ စတင် ရောင်းချခဲ့ပါတယ်။
ဧပြီလနှောင်းပိုင်းကစပြီး ကုန်ပစ္စည်းအမျိုးပေါင်းစုံ ပါဝင်တဲ့ အထုပ် ပေါင်း ၅၀၀၀ လောက် ရောင်းချခဲ့ရတယ်လို့ အဲဒီမြို့က တာဝန်ရှိသူတွေက ပြောပါတယ်။
ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူတွေ ကိုယ်တိုင်ကိုယ်ကျ စျေးဝယ်မထွက်နိုင်ဘဲ ဖြစ်နေပြီး စတိုးဆိုင်ကြီးတွေလည်း ပိတ်ထားရတာကြောင့် အွန်လိုင်း စျေးဝယ် ဝက်ဘ်ဆိုက်တွေကို စီမံခန့်ခွဲနေသူတွေဆီ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တချို့က စုံစမ်း မေးမြန်းမှုတွေ လုပ်ခဲ့တာရှိပါတယ်။ SOURCE – NHK