ဂျပန်ရဲ့ နိုင်ငံ့ကြွေးမြီ အမြင့်ဆုံးစံချိန်သစ် ထပ်တင်

May 10, 2020 at 5:36 PM

ဂျပန်ရဲ့ နိုင်ငံ့ကြွေးမြီဟာ ၄ နှစ် ဆက်တိုက် အမြင့်ဆုံး စံချိန်သစ်ကို တင်သွားခဲ့ပါတယ်။
အစိုးရ ကြွေးမြီဟာ မတ်လကုန်မှာ ဂျပန်ယန်း ၁၁၁၄.၅၄ ထရီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၀.၄၅ ထရီလီယံ ရှိတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်ကထက် ဒေါ်လာ ၁၀၄.၈၅ ဘီလီယံလောက် တိုးလာခဲ့ပါတယ်။ဆေးကုသမှုနဲ့ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ကုန်ကျစရိတ်၊ ပင်စင်ပေးငွေ စတဲ့ သက်ကြီးရွယ်အိုတွေအတွက် ကုန်ကျစရိတ် တိုးတက်များပြား လာတာကို ကာမိစေဖို့ အစိုးရငွေချေးစာချုပ်တွေ ထုတ်ပေးတာက အခုလို ကြွေးမြီမြင့်တက်လာတဲ့ အဓိက အကြောင်းရင်း ပဲဖြစ်ပါတယ်။
အဲဒီ ကြွေးမြီတွေထဲမှာ အစိုးရငွေချေးစာချုပ်တွေက အမေရိကန်ဒေါ်လာ ၉.၂၆ ထရီလီယံ ၊ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ် သို့မဟုတ် ကာလတို အစိုးရ အာမခံ စာချုပ်တွေက အမေရိကန်ဒေါ်လာ ၆၉၇.၆ ဘီလီယံလောက် နဲ့ ချေးငွေတွေက ၄၉၂.၄ ဘီလီယံ ဒေါ်လာ လောက် ပါဝင်ပါတယ်။ ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေရဲ့ ဂယက် ရိုက်ခတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခု ဘဏ္ဍာရေးနှစ်မှာ အစိုးရငွေချေးစာချုပ်တွေ ပိုမို ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ ပြည်တွင်းစီးပွားရေး ထိုးကျမှာကို တားဆီးဖို့ ကြိုးပမ်းမှုအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၂၃၄.၃ ဘီလီယံ တန်ဖိုးရှိတဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ ထပ်ဆောင်း ဘတ်ဂျက် ရန်ပုံငွေအတွက် အစိုးရဟာ ငွေချေးစာချုပ်တွေအပေါ် အားပြုနေရပါတယ်။