ဂျပန်ဝန်ကြီးချုပ်အသစ် Suga ကိုယ်ရေးရာဇဝင်

September 17, 2020 at 5:20 PM

ဂျပန်ရဲ့ အဓိက အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင် Suga Yoshihide ကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အသစ်အဖြစ် ဂျပန်လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။

အသက် ၇၁နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမား မစ္စတာ Suga ဟာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်အဖြစ် ဝန်ကြီးချုပ် Abe Shinzo နဲ့အတူ ၇နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စီးပွားရေး ပြန်လည် အားကောင်းလာအောင် လုပ်ဖို့ မစ္စတာ Abe ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ မစ္စတာ Suga က ပြောပါတယ်။ အုပ်ချုပ်စီမံမှုနဲ့ လုပ်ထုံးလုပ်နည်း ပြုပြင် ပြောင်းလဲရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့လည်း သူက ကတိကဝတ်ပြု ပြောဆိုခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်အသစ် မစ္စတာ Suga ရဲ့ ကိုယ်ရေးရာဇဝင်ကို တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၈နှစ်ကြာကာလအတွင်း မစ္စတာ Suga ဟာ နေ့တိုင်းနီးပါး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။ အထူးသဖြင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲခံရမှုတွေက အစ လူကြိုက်မများတဲ့ မူဝါဒ ဆုံးဖြတ်ချက်တွေ အဆုံး အစိုးရက ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရချိန်မှာ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ အနေနဲ့ မစ္စတာ Suga ဟာ အေးဆေးတည်ငြိမ်စွာ ဖြေရှင်းခဲ့ပါတယ်။
မစ္စတာ Suga ဟာ ဂျပန်ရဲ့ ခေတ်သစ်နာမည် Reiwa ခေတ်ကို ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။
ဒါဟာ ရှားပါးပြီး ဂုဏ်ယူစရာကောင်းပြီး သန်းပေါင်းများစွာသော ပြည်သူတွေဟာ သူ့ကို ဝန်ကြီးချုပ်က ယုံကြည်ရတဲ့ လက်ထောက်နဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် အမြင်အသစ်နဲ့ ရှုမြင်လာခဲ့ပါတယ်။
အဲဒီနောက် သူ့ကို Uncle Reiwa လို့ လူတွေက နာမည်ပြောင်ပေးပြီး ကန့်လန့်ကာ နောက်ကွယ်က လူတစ်ယောက်အနေနဲ့ နိုင်ငံရေးဆိုင်ရာ ခန့်မှန်း ပြောဆိုမှု တွေလည်း ရှိစေခဲ့ပါတယ်။
မစ္စတာ Suga ဟာ Akita ခရိုင်မှာ ကြီးပြင်းခဲ့ပါတယ်။
သူဟာ နိုင်ငံရေးလောကရဲ့ ပြင်ပက ဖြစ်တဲ့ သူ့မိဘတွေရဲ့ စတော်ဘယ်ရီခြံမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။
သူ တာဝန်စတင်ထမ်းဆောင်ခဲ့ချိန်က Yokohama မြို့ကောင်စီမှာ ဆောင်ရွက်ခဲ့ပြီး အဲဒီ အချိန်က အသက် ၄၀ လောက် ရှိခဲ့ပါတယ်။
ဆယ်စုနှစ်တစ်ခုလောက် ကြာပြီးနောက်မှာတော့ သူဟာ အောက်လွှတ်တော်မှာ နေရာရဖို့ လမ်းပေါ်မှာ မဲဆွယ်စည်းရုံးမှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့ သစ္စာရှိမှုအတွက် လူသိများတဲ့ မစ္စတာ Suga ဟာ ဘယ်တော့မှ သူ့ရဲ့ ဇစ်မြစ်ကို မမေ့ပါဘူး။

နိုင်ငံအတွင်း လျင်မြန်စွာ ဖြစ်ပွားနေတဲ့ အသက်ကြီးသူများလာပြီး လူဦးရေလျော့ကျမှုတို့ရဲ့ ဒဏ်ကို ခံနေရတဲ့ ကျေးလက်ဒေသနေ လူမှုအသိုက်အဝန်းကို ကူညီပေးဖို့ မစ္စတာ Suga ဟာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်အနေနဲ့ မူဝါဒတွေကို အားပေးလုပ်ဆောင်ခဲ့ပါတယ်။
မစ္စတာ Suga ဟာ သူ့ရဲ့ နိုင်ငံရေးသမားဘဝ တစ်လျှောက်လုံး “ဆန္ဒရှိသရွေ့ နည်းလမ်းရှိတယ်” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲထားပါတယ်။
မစ္စတာ Abe ပထမဆုံးအကြိမ် နုတ်ထွက်ပြီး ၅နှစ်အကြာမှာ မစ္စတာ Suga ဟာ မစ္စတာ Abe ပြန်လည် အာဏာရလာစေဖို့ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။
နောက်ဆုံးတော့ နိုင်ငံရေးလောကရဲ့ မီးမောင်းအောက် ရောက်လာတဲ့ မစ္စတာ Suga ဟာ သူ့အကြောင်းတွေကို ကမ္ဘာက သိအောင် လုပ်ဆောင်နေပါတယ်။

SOURCE – Japan Today