ဂျပန်ရဲ့ အရေးပေါ်အခြေအနေကို မေလ ၆ရက်နေ့မှာ အပြီး ပြန်ရုပ်သိမ်း ဖွယ် မရှိ

April 27, 2020 at 3:12 PM

ဂျပန်အစိုးရ အရာရှိတွေအကြားမှာ အရေးပေါ် အခြေအနေကို မေလ အစောပိုင်းမှာ အပြီး ရုပ်သိမ်းဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ပိုမို များလာ နေပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အစိုးရပိုင်းက မျှော်လင့်ထားတဲ့အတိုင်း ရောဂါ ကူးစက် ပြန့်ပွားနေမှုက နှေးကွေး မနေဘူးလို့ ဆိုပါတယ်။
အစိုးရက ဧပြီလ ၇ ရက်နေ့မှာ တိုကျို၊ အိုစာကာနဲ့ တခြားခရိုင် ၅ခုမှာ အရေးပေါ် အခြေအနေကို ကြေညာခဲ့ပါတယ်။ ဧပြီလ ၁၆ရက်နေ့မှာ တော့ တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေ အထိ တိုးပြီး ကြေညာခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းလုံးရဲ့ အနေအထားကို အရာရှိတွေဟာ အနီးကပ် စောင့်ကြည့်ခဲ့ ကြပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး အကြား အနီးကပ် ထိတွေ့ဆက်ဆံမှု တွေကို ၈၀ရာခိုင်နှုန်းအထိ လျှော့ချနိုင်လား ဆိုတာနဲ့ ဆေးကုသတဲ့ နေရာတွေရဲ့ အနေအထား စတာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်တွေကို ကြားနာပြီးမှ အရေးပေါ် အခြေအနေကို မေလ ၆ ရက်နေ့ နောက်ပိုင်းအထိ ဆက်ပြီး ထားမယ် မထားဘူး ဆိုတာကို သူတို့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
စီးပွားရေး ပြန်လည်အားကောင်းလာရေး ဝန်ကြီး နိရှိမူရာ့ ယာစုတိုရှိ (Nishimura Yasutoshi) က NHK ရဲ့ အစီအစဉ်တစ်ခုမှာ ပြောကြားရာမှာတော့ ကျောင်းတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားလို့ရအောင် အစိုးရဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေကိုသူက ဦးစီး လုပ်ကိုင်နေပါတယ်။
ကူးစက်ခံရသူဦးရေဟာ အရေအတွက်အားဖြင့် စတင် ကျဆင်းလာနေပြီ ဖြစ်ပေမဲ့ တိုကျိုနဲ့ အိုစာကာမှာ နေ့စဉ် အတည်ပြုတဲ့ ကူးစက်ခံရသူ ဦးရေက မျှော်လင့်ထားတာထက် များပြားနေတုန်းပဲ လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။
SOURCE – NHK