မောရစ်သျှကမ်းလွန်မှာ သောင်တင်နေတဲ့ သင်္ဘောနဲ့ အဆက်အသွယ် ပြတ်တောက်

August 25, 2020 at 10:55 PM

မောရစ်သျှကမ်းလွန်မှာ သောင်တင်နေတဲ့ ဂျပန်ကုမ္ပဏီပိုင် ကုန်တင် သင်္ဘောဟာ မတော်တဆမှု မဖြစ်ခင်မှာ အဲဒီဒေသ ကမ်းခြေစောင့် တပ်ဖွဲ့တွေဆီက အဆက်အသွယ်လုပ်ဖို့ တောင်းဆိုချက်ကို မတုံ့ပြန်ခဲ့ဘူးလို့ သိရပါတယ်။

ဝါကာ့ရှီအိုး သင်္ဘောဟာ ပုံမှန်လမ်းကြောင်းကနေ အတော် လွဲဖယ်နေတဲ့အတွက်ကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့က ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ မောရစ်သျှ ရဲတပ်ဖွဲ့ သတင်းရပ်ကွက်က ပြောကြားခဲ့ပါတယ်။ သန္တာကျောက်တန်းနဲ့ တိုက်မိပြီး နောက်မှသာ အဲဒီ သင်္ဘောဆီက ပြန်လည် တုံ့ပြန်ဖြေကြားခဲ့တယ်လို့ သူတို့က ပြောပါတယ်။
ဂျပန် Mitsui O.S.K. Lines ကုမ္ပဏီက ငှားရမ်းထားတဲ့ အဲဒီသင်္ဘောဟာ ဇူလိုင်လ ၂၅ ရက်နေ့က သောင်တင်နေခဲ့ပြီးနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာရဲ့ ကြည်လင်နေတဲ့ ရေထဲကို အဲဒီသင်္ဘောကနေ များပြားလှတဲ့ လောင်စာဆီတွေ ယိုစိမ့် ထွက်ကျခဲ့ပါတယ်။
ဒေသန္တရ ရဲတပ်ဖွဲ့က အိန္ဒိယနိုင်ငံသား ကပ္ပတိန်နဲ့ သူ့ရဲ့ လက်ထောက် သီရိလင်္ကာနိုင်ငံသား တစ်ဦးကို ဘေးကင်းလုံခြုံတဲ့ ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထားပါတယ်။ သီရိလင်္ကာနိုင်ငံသားနဲ့ ဖိလစ်ပိုင်နိုင်ငံသား သင်္ဘောအမှုထမ်း ၁၈ ဦးကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်။

SOURCE – Tokyo Today