တိုကျို ပါရာလင်းပစ်အားကစားပွဲတွေ နောက်ထပ် ၁ နှစ် အခက်အခဲ ရင်ဆိုင်ရဦးမည်

August 24, 2020 at 8:13 PM

တိုကျိုမှာ ပါရာလင်းပစ် အားကစားပွဲတွေကို ရွှေ့ဆိုင်းကျင်းပမယ့်ရက်ဟာ တနင်္လာနေ့ကစပြီး ၁ နှစ်ကြာဦး မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားကစားသမားတွေနဲ့ သူတို့ကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေအတွက် ကိုရိုနာဗိုင်းရစ်စ် ကပ်ရောဂါက စိန်ခေါ်မှုတွေဖြစ်အောင် လုပ်နေပါတယ်။

နိုင်ငံတကာ ပါရာလင်းပစ်ကော်မတီ (IPC) ရဲ့ အကြီးအကဲက ဒီအားကစားပွဲတွေကို ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ IPC ဥက္ကဋ္ဌ အန်ဒရူး ပါဆန်စ် (Andrew Parsons) က ပါရာလင်းပစ်အားကစားပွဲတွေဟာ ကပ်ရောဂါမဖြစ်ခင်ကထက် ဖြစ်ပြီးနောက်ပိုင်းမှာ ပိုပြီးတော့တောင် အရေးပါလာမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တာကာဒါချိအာကိ (Takada Chiaki) လို ပါရာလင်းပစ် အားကစားသမားတွေဟာ မကြုံစဖူး ပြည်သူ့ကျန်းမာရေး အကျပ်အတည်းတွေဖြစ်နေတဲ့ ကာလအတွင်းမှာ လေ့ကျင့်မှုတွေလုပ်တဲ့အခါ အထူးစိုးရိမ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမြင်အာရုံချို့တဲ့ တဲ့ အမြင့်ခုန်အားကစားသမားဖြစ်တဲ့ တာကာဒါချိအာကိ ဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ချန်ပီယံပွဲတွေမှာ ဂျပန့်စံချိန်ကို ချိုးနိုင်ခဲ့ပြီးနောက် တိုကျိုအားကစားပွဲတွေအတွက် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တာကာဒါဟာ သူလေ့ကျင့်တဲ့အချိန် ပြေးလမ်းကြောင်းမလွဲအောင် နည်းပြနဲ့အတူ အနီးကပ်ယှဉ်ပြေးပြီး လေ့ကျင့်ရပါတယ်။ ဒီနည်းအတိုင်းပဲ လေ့ကျင့်ရတာ ဖြစ်တဲ့အတွက် အဲဒါက သူ့ကို ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို တွန်းပို့နေတဲ့အနေအထား ဖြစ်နေပါတယ်။ တာကာဒါက လေ့ကျင့်တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ၂ မီတာ အကွာအဝေးခြားပြီး နေဖို့ဆိုတာ သူ့အနေနဲ့ လုံးဝ မဖြစ်နိုင်သလောက်ပဲလို့ ပြောပါတယ်။ အားကစားပွဲတွေက ဘယ်လို ဖြစ်လာမလဲ ဒါမှမဟုတ် ဆက်ပြီးတော့ လေ့ကျင့်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

SOURCE – Asahi Shimbun

Tags: