ရုရှားရဲ့ ဘူမိဗေဒ ကွင်းဆင်းလေ့လာမှုကို ဂျပန် ကန့်ကွက်

June 27, 2020 at 1:35 PM

ရုရှားက ထိန်းချုပ်ထားပြီး ဂျပန်က ပိုင်ဆိုင်တယ်လို့ ဆိုနေတဲ့ ကျွန်းတွေအနီးက ရေပြင်မှာ ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းလေ့လာမှုတစ်ခုနဲ့ ပတ်သက်ပြီး ရုရှားကို ဂျပန်အစိုးရက ကန့်ကွက်လိုက်ပါတယ်။

အိုဟို့စ်က် (Okhotsk) ပင်လယ်ထဲက ကျယ်ပြန့်တဲ့ ဧရိယာတွေမှာ ဇွန်လ ၁၈ ရက်ကနေ စက်တင်ဘာလ ၁၈ ရက်နေ့အထိ လုပ်ဆောင်မယ့် အဲဒီ ကွင်းဆင်းလေ့လာမှု အစီအစဉ်ကို ရုရှားနိုင်ငံက အသိပေးခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီ ဧရိယာတွေထဲမှာ ရုရှားက ထိန်းချုပ်ထားပြီး ဂျပန်က ပိုင်တယ်လို့ ပြောနေတဲ့ ကျွန်းတွေရဲ့ အထူးစီးပွားရေးဇုန် တစ်စိတ်တစ်ပိုင်းလည်း ပါဝင်နေပါတယ်။အဲဒီကျွန်းတွေဟာ အစဉ်အဆက် ဂျပန့် ပိုင်နက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတဲ့အချက်ကို ဂျပန်အစိုးရက ကိုင်စွဲထားပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ အဲဒီကျွန်းတွေ ဟာ မတရားသိမ်းပိုက်ခံခဲ့ရတယ်လို့ ဂျပန်အစိုးရက ဆိုနေပါတယ်။
အသိပေးချက်ကို ရရှိခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သံတမန်လမ်းကြောင်းတွေက တစ်ဆင့် ရုရှားကို ကန့်ကွက်မှု ပြုလုပ်ခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။
အဲဒီကျွန်းတွေနဲ့ ပတ်သက်တဲ့ ဂျပန်ရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်တာ ဖြစ်လို့ ဒီကွင်းဆင်းလေ့လာမှုကို လက်သင့်မခံနိုင်ကြောင်း ရုရှားဘက်ကို အဲဒီဝန်ကြီးဌာနက ပြောခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
အဲဒီကျွန်းတွေနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ လှုပ်ရှားမှုတွေကို ဂျပန်အစိုးရက မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ဇွန်လ ၁၇ ရက်နေ့မှာ ကန့်ကွက်မှု ပြုလုပ်ခဲ့တယ်လို့ ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် စူဂါ ယော်ရှိဟီဒဲ (Suga Yoshihide) က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အဲဒီကျွန်းတွေနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့နဲ့ ငြိမ်းချမ်းရေးစာချုပ်တစ်ခု ချုပ်ဆိုဖို့ ရည်စူးပြီး ဂျပန်အစိုးရဟာ ရုရှားနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ မစ္စတာ စူဂါက ဆိုပါတယ်။

SOURCE – NHK