ဂျပန်တွင် ကျောင်းတက်ချိန်နည်းသည့်ကြားမှ သင်တန်းများပြန်စရေး လမ်းညွှန်ချက် ထုတ်ပြန်မည်

May 1, 2020 at 8:13 PM

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ပိတ်ထားရတဲ့ကျောင်းတွေ မှာ စာသင်တန်းတွေကို ပြန်စနိုင်ရေးအတွက် အဆင့်လိုက် ဆောင်ရွက် ရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ဂျပန် ပညာရေးဝန်ကြီးဌာန က ထုတ်ပြန်မှာဖြစ်ပါတယ်။
ပညာရေးဝန်ကြီး ဟာဂိအူဒါ ခိုးအိချိ (Hagiuda Koichi) က ဂျပန်နိုင်ငံ အနှံ့မှာရှိတဲ့ ဒေသန္တရ ပညာရေးဘုတ်အဖွဲ့တွေဆီ လမ်းညွှန်ချက် တွေကို ဒီနေ့မှာပဲ အသိပေး အကြောင်းကြားမှာ ဖြစ်တယ်လို့ သောကြာနေ့က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ရေရှည် တုံ့ပြန်မှု ပြုလုပ်ဖို့ လိုတယ်ဆိုတာနဲ့ အဲဒီလို ဆောင်ရွက်တာဟာ ပညာရေးကို အာမခံချက် ပေးနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေနဲ့ တစ်ပြိုင်နက်တည်း လုပ်ဆောင်ရမယ်လို့ မစ္စတာ ဟာဂိအူဒါ က ပြောပါတယ်။ ကျောင်းတွေမှာ လှုပ်ရှားမှုတွေ ပြန်လည် စတင်ရေးကို အဆင့်လိုက် လုပ်ဆောင်ဖို့ အ‌ရေးကြီးတယ် ဆိုတာကိုလည်း အလေးပေး ပြောဆိုခဲ့ပါတယ်။
အဲဒီ လမ်းညွှန်ချက်တွေထဲမှာ မူလတန်းကျောင်း ပထမနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသူကျောင်းသားတွေ နဲ့ အလယ်တန်းကျောင်း တွေက နောက်ဆုံးနှစ် ကျောင်းသူ ကျောင်းသားတွေအတွက် ဦးစားပေး လုပ်ဆောင်ရင်းနဲ့ နှစ်အလိုက် ဒါမှမဟုတ် အတန်းလိုက် ခွဲခြား တက်ရောက်နိုင်ရေးကို လုပ်ဆောင်ဖို့ အဆိုပြုထားပါတယ်။
ကျောင်းပိတ်ထားတာတွေကြောင့် ပညာသင်နှစ်ကို ဧပြီလမှာ စတင် တာကနေ စက်တင်ဘာလမှာ စတင်ဖို့အတွက် ပြောင်းလဲရေးကို တချို့တွေ တောင်းဆိုလာခဲ့ပါတယ်။
ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် စုဂါ့ ယိုရှိဟိဒဲ့ (Suga Yoshihide) က သတင်းထောက်တွေကို သောကြာနေ့က ပြောဆိုရာမှာ အဲဒီလိုမျိုး ပြောင်းလဲမှုဟာ လူမှု‌ရေးအရ တန်ပြန်သက်ရောက်မှုတွေ ကြီးကြီးမားမား ဖြစ်လာဖွယ်ရာရှိတယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ပညာရေး ပြန်လည်စတင်ဖို့ ကြိုးပမ်းချက်တွေကို ပထမဦးဆုံး စောင့်ကြည့်လိုတယ်လို့ သူက ပြောသွားပါတယ်။
SOURCE – NHK