ဗိုင်းရပ်စ်ပိုးဒဏ် ဆန့်ကျင်နိုင်ဖို့တက္ကစီကုမ္ပဏီတွေရဲ့ ဆောင်ရွက်ချက်ကို ဂျပန်အစိုးရ အတည်ပြု

November 5, 2020 at 1:27 PM

ဆီလျော်သော အကြောင်းပြချက် မရှိ နှာခေါင်းစည်း တပ်ဆင်ဖို့ ငြင်းဆိုကြတဲ့ ခရီးသည်တွေရဲ့ စီးနင်းမှုကို တက္ကစီကုမ္ပဏီတွေက လက်မခံတာကို ခွင့်ပြုမယ့် ဆောင်ရွက်ချက်တစ်ခုကို ဂျပန်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

တိုကျိုက တက္ကစီကုမ္ပဏီကြီး တစ်ခုအပါအဝင် တက္ကစီကုမ္ပဏီ ၁၀ခုဟာ အဲဒီ ဝန်ကြီးဌာနကို သူတို့ရဲ့ စည်းမျည်း စည်းကမ်းတွေကို သုံးသပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပုံမှန်အားဖြင့် တက္ကစီမောင်းသူတွေဟာ အခြေအနေ တချို့မှာကလွဲရင် ခရီးသည်တွေကို ငြင်းဆိုပိုင်ခွင့် မရှိပါဘူး။
အဲဒီလို ငြင်းဆိုပိုင်ခွင့် တားမြစ်ထားတာကြောင့် ဖြစ်လာနိုင်တဲ့ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး တက္ကစီမောင်းသူတွေက စိုးရိမ်နေကြပါတယ်။ တချို့ အရက်မူးနေတဲ့ ခရီးသည်တွေဟာ နှာခေါင်းစည်း မတပ်ဘဲ တက္ကစီပေါ်မှာ ကျယ်လောင်စွာ စကားပြောကြတယ်လို့ တက္ကစီမောင်းသူတွေက ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အဲဒီ ဆောင်ရွက်ချက်ဟာ တက္ကစီမောင်းသူတွေကို နှာခေါင်းစည်းမတပ်ထားတဲ့ ခရီးသည်တွေကို အကြောင်းမဲ့ ငြင်းဆိုခွင့်ပြုတာ မဟုတ်ဘူးဆိုတာနဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့ ခရီးသည်တွေကို တိုက်တွန်းရေး ရည်ရွယ်တာ ဖြစ်ကြောင်း ပြောပါတယ်။
ဒီဆောင်ရွက်ချက်ဟာ တက္ကစီမောင်းသူတွေကိုသာမက တခြား ခရီးသည်တွေကိုလည်း ကာကွယ်ပေးနိုင်လိမ့်မယ်လို့ အဲဒီ ဝန်ကြီးဌာနက ဆိုပါတယ်။

Tags: