ကိုရိုနာဗိုင်းရပ်စ် ဆေးဝါး သုတေသန ဌာနကို ဂျပန် တာဝန်ခံဝန်ကြီး သွားရောက်

May 7, 2020 at 5:04 PM

ကိုရိုနာဗိုင်းရပ်စ် ရောဂါကုသရေး အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဆေးဝါးတစ်မျိုးကို သုတေသနပြု စမ်းသပ်နေတဲ့ ဂျပန်တက္ကသိုလ် တစ်ခုကို ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ကိုင်တွယ်ရေး တာဝန်ခံဝန်ကြီးက သွားရောက် လေ့လာခဲ့ပါတယ်။ စီးပွားရေး ပြန်လည် အားကောင်းလာစေရေးဆိုင်ရာ ဝန်ကြီး နီရှိမူရာ ယာစုတိုရှီ (Nishimura Yasutoshi) ဟာ ခီတာ့စာ့တို (Kitasato) တက္ကသိုလ်ကို ဗုဒ္ဓဟူးနေ့မှာ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတက္ကသိုလ်ရဲ့ အထူးဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ပြီး နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ အိုးမူရာ စာ့တိုရှီ (Omura Satoshi) က ဒြပ်ပေါင်းတစ်ခု တွေ့ရှိခဲ့ တာကနေ တီထွင်ထုတ်လုပ်ခဲ့တဲ့ အီဗဲရ်မက်တင်း (ivermectin) ဆိုတဲ့ ဆေးဟာ ကပ်ပါးကောင်ကြောင့် ဖြစ်ရတဲ့ ကူးစက်ရောဂါတွေအတွက် အစွမ်းထက်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ နိုင်ငံခြားက တချို့ သုတေသန ဌာနတွေမှာ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်အတွက်လည်း ထိရောက်မှုရှိတယ်ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်နေပါတယ်။
မစ္စတာ နီရှိမူရာ ဟာ ပါမောက္ခ အိုးမူရာနဲ့ တက္ကသိုလ် အရာရှိတွေ ကို တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဆေးဝါးတွေနဲ့ ကာကွယ်ဆေး တီထွင် ထုတ်လုပ်ဖို့ အတွက် အစိုးရအနေနဲ့ ထပ်ဆောင်းဘတ်ဂျက်မှာ ရန်ပုံငွေ သတ်မှတ် ထားကြောင်း ဝန်ကြီး နီရှိမူရာ က သူတို့ကို ပြောကြားခဲ့ပါတယ်။ ဒီလို ရန်ပုံငွေဟာ အခုလို တီထွင်ထုတ်လုပ်နိင်ဖို့ ကြိုးပမ်းမှုတွေကို ထောက်ပံ့သွားဖို့ အတွက် ဖြစ်ကြောင်း သူက ဆိုပါတယ်။
ivermectin ဆေးနဲ့ ကုသခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေရဲ့ သေဆုံးမှုနှုန်း နည်းပါးတယ်ဆိုတာကို ညွှန်ပြတဲ့ နိုင်ငံခြားက သုတေသန တွေ့ရှိချက်တွေကို ပါမောက္ခ အိုးမူရာ က မစ္စတာ နီရှိမူရာကို ပြသခဲ့ပါတယ်။

SOURCE – NHK