တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပြိုင်ပွဲကြီးတွေ အတွက် ကုန်ကျစရိတ်များ လျှော့ချရန် ကြိုးစားဖို့ တိုကျို မြို့တော်ဝန် ကတိပြု

June 7, 2020 at 11:07 AM

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တစ်နှစ်ခန့် ရွှေ့ဆိုင်းထားရတဲ့ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ်အားကစားပြိုင်ပွဲကြီးကို ပိုပြီး ရိုးရိုးရှင်းရှင်းပုံစံနဲ့ ကျင်းပသွားဖို့ တာဝန်ရှိသူတွေ ဆောင်ရွက် ကြမယ်လို့ တိုကျို မြို့တော်ဝန်က ပြောပါတယ်။

အဲဒီ တိုကျို အားကစားပြိုင်ပွဲကြီးတွေ ကျင်းပရေးကော်မတီက ကုန်ကျစရိတ်ကို လျှော့ချရင်း ပွဲတွေ ကျင်းပသွားနိုင်မယ့် နည်းလမ်းတွေကို ပြန်လည်သုံးသပ်နေပါတယ်။
ဇူလိုင်လမှာ အဲဒီတိုကျိုအားကစားပွဲတွေမစခင် တစ်နှစ်အလို ပွဲလမ်းကြီးတွေကို မလုပ်ဖို့ ကော်မတီက စီစဥ်နေပါတယ်။
ကော်မတီဥက္ကဋ္ဌ Mori Yoshiro နဲ့ ကြာသပတေးနေ့က ဆွေးနွေးခဲ့တယ်လို့ တိုကျို မြို့တော်ဝန် Koike Yuriko က သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကုန်ကျစရိတ်ကို လျှော့ချဖို့ သူတို့ သဘောတူခဲ့တယ်လို့ Koike Yuriko က ပြောခဲ့ပါတယ်။
ဘာတွေကို ထိထိရောက်ရောက် ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း လုပ်နိုင်မလဲဆိုတာကို ရှာဖွေဖို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတွေ လိုအပ်တယ်လို့ မြို့တော်ဝန်က ဆိုခဲ့ပါတယ်။ အဲဒါဟာ ခက်ခဲလှတဲ့ စိန်‌ခေါ်မှုဖြစ်တယ်ဆိုတာကို သူက အသိအမှတ်ပြု ပြောဆိုသွားပါသေးတယ်။
နောင်နှစ်မှာကျင်းပမယ့် အားကစားပွဲကြီးတွေက အားကစားသမားတွေနဲ့ အားပေးသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်လိမ့်မယ်လို့ သူ တွေးမိတယ်လို့ Koike Yuriko က ပြောခဲ့ပါတယ်။ ဒီလို ကြိုးပမ်းချက်တွေဟာ အားကစားပွဲကြီးအတွက်ကြီးမားတဲ့ ရည်မှန်းချက်တွေဆီကို ဦးတည်သွားစေမယ်လို့ သူ မျှော်လင့်တယ်လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Source – The Japan Times

Tags: